ထီးတော်တင်ပါက ရေကြီးနစ်မြုပ်မည်ဟု တဘောင်ထွက်ပေါ်နေသည့် နေပြည်တော် နေရောင်ပြအင်းဘုရား ဒုတိယအကြိမ် ထီးတင်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈

ဒီပ(နေပြည်တော်)

 

လူမှုကွန်ယက်စာမျက်နှာများနဲ့ နေပြည်တော်ဒေသခံ အသိုင်းအဝိုင်းကြားမှာ ထီးတော်တင်လျင် တစ်မြို့လုံး ရေနစ်မြုပ်မည်ဆိုတဲ့ တဘောင်အတိတ်နိမိတ်တွေ၊ ကောလဟလတွေကြောင့် လူပြောများလာတဲ့ ကိုးတောင်ပြည့် စေတီတော်နဲ့ ဥာဏ်တော် ၁၀၈ ပေမြင့်တဲ့ နေရောင်ပြအင်းဘုရားကို နိုဝင်ဘာ(၂၂)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ဒုတိယအကြိမ် ထီးတော်ပြန်တင်မယ်လို့ နေရောင်ပြအင်ဘုရား တည်ဆောက်ရေး ဥက္ကဌဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ပါဋိဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့တာရှိပါတယ် ထီးတင်တဲ့အလုပ်ဆိုတာ အင်မတန် အကျိုးကျေးဇူးရှိတဲ့ အလုပ်ဖြစ်ပါတယ် ကုသိုလ်အကျိုးကျေးဇူး ကြီးမားတဲ့အလုပ်ဖြစ်လို့ အကုသိုလ်မဖြစ်ပါဘူး ရေကြီးတယ် ရေလွှမ်းတယ်ဆိုတာကတော့ အကုသိုလ်ရှိလို့ ဖြစ်ကြတာပဲ၊ ရေလွှမ်းမယ်ဆိုလည်း ဒီနေရာလေးတစ်ခုတည်း ကွက်ပြီးတော့မှ လွှမ်းမယ်ဆိုလည်း မဖြစ်နိုင်ဘူး၊ ဒီနေရာလွှမ်းမှတော့ နေပြည်တော်တခွင် နစ်မြုပ်မှာပဲ ဒါလည်းမဖြစ်နိုင်ဘူး အဲ့ဒီတော့ ကျွန်တော်တို့ ဖြစ်နိုင်ခြေ အကြောင်းတရားကို စဉ်းစားကြည့်တဲ့အခါ ဒါတွေက မဖြစ်နိုင်တဲ့ အကြောင်းတရားတွေပါ” လို့ ဦးသိန်းဇော်က ပြောပါတယ်။

 

နေရောင်ပြအင်းဘုရားကို ဒီနှစ် နှစ်ဆန်းပိုင်း ဇန်န၀ါရီလ (၄)ရက်နေ့မှာ ထီးတော်နှင့်အနေကဇာတင်ခဲ့ပါသေးတယ်။ ၂၀၁၈ခုနှစ် မတ်လ(၃၁)ရက်နေ့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ထီးတော်မှာ မြေခခဲ့ပါတယ်။  သက်ဆိုင်ရာများသို့ အကြောင်းကြားကာ ရဲတပ်ဖွဲ့အကူအညီနဲ့ ရတနာတွေကို အစောင့်အရှောက်ထား၊ စာရင်းပြုစုပြီးနောက် ရမည်းသင်းဘဏ်၌ အပ်နှံထားခဲ့ကြောင်း၊ ယင်း ရတနာပစ္စည်းတွေကိုလည်း ယခုထီးတင်ပွဲတွင် ဌာပနာပြန်သွင်းရန် အစီအစဉ်ရှိပါကြောင်း သူကပြောပါတယ်။

 

ယခုတင်မယ့်ထီးတော်ဟာ အချင်း(၉)ပေနှင့် စိန်ဖူးတော်၊ငှက်မြတ်နားတော်အပါအ၀င် အမြင့်(၂၇)ပေရှိပြီး ထီးအလှုရှင် ဦးဥာဏ်ဝင်းနှင့်အဖွဲ့က ရန်ကုန်မြို့ကနေ ဇူလိုင်လ(၁၈)ရက်နံနက်ပိုင်းမှာ ပင့်ဆောင်လာခဲ့ပါတယ်။ နေရောင်ပြအင်းဘုရားနားမှာ  အပူဇော်ခံထားရှိခဲ့ရာမှ မိုးလေကင်းလွတ်သည့် နေ့ရက်အား ရွေးချယ်ပြီး ထီးတော်တင်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

 

ထီးတော်တင်မည့်အဖွဲ့များမှာ ရွှေတိဂုံစေတီတော်မှ ဦးအောင်မြတ်တို့အဖွဲ့ဖြစ်ပြီး ထီးတင်မည့် (၈)ရက်နီးပါးအတွင်း တန်ဆောင်းထဲ၌ ပင့်သံဃာ(၃၆)ပါးမှ အဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်သရစ္စယ်ကာ  တန်ဆောင်မုန်းလပြည့်နေ့ နံနက်အထိ ရွတ်ဖတ်ပြီးချိန်တွင် နောက်ဆုံးအဆင့် စိန်ဖူးတော် နှင့် ငှက်မြတ်နားတော်တို့အား  အပြီးသတ် တင်လှူသွားမယ်လို့  ဦးသိန်းဇော်ထံမှ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW