လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ပတ်ဝန်းကျင်သတ်မှတ်ချက် မလိုက်နာမှု ရှိနေ။

လက်ပံတောင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကမ္ဘာကျော်စီမံကိန်းဖြစ်နေပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စည်းကမ်းချက် ချိုးဖောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ECC ခေါ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သက်သေခံလက်မှတ်မှာ စီမံကိန်းမှာ အက်ဆစ်ဖျန်းတဲ့စနစ်ကို အသုံးမပြုရဘူးလို့ ကတိကဝတ်ပါရှိပြီး အစက်ချတဲ့စနစ်နဲ့သာ ပြုလုပ်ရမယ်လို့ ပါရှိထားပါတယ်။ ကတိကဝတ်ကို မလိုက်နာဘဲ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က စီမံကိန်းအတွင်း အက်ဆစ်ဖျန်းခဲ့တဲ့အတွက် အနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧက ၁၄၀ နီးပါး ထိခိုက်နစ်နာပျက်စီးတာတွေ ကြုံခဲ့ရတာပါ။

 

သီးနှံစိုက်ခင်းတွေတင်မက အနီးအနားက သစ်ပင်ကြီးတွေဖြစ်တဲ့ မန်ကျည်း၊ တမာ၊ ကန္တာရပင်တွေပါ ခြောက်သွေ့သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက နိုဝင်ဘာလ ၆ ရက်၊ ၁၂ ရက်နေ့တွေမှာ ဒေသတွင်းကို ကွင်းဆင်းပြီး တိုင်းတာစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ အချက်အလက်တွေကို တိုင်းအစိုးရကို တင်ထားတယ်လို့ သိရပါတယ်။

 

“ဝမ်ပေါင်က အက်ဆစ်ဖျန်းတာက အောက်တိုဘာလ ၃၁ ရက်နေ့ညကလေ။ ၂ ရက်လောက်နေမှ သိရတာ။ အဲဒီအချိန်မှ သဘာဝပတ်ဝန်းကျင်ကို ဖုန်းဆက်အကြောင်းကြားတာ။ သူတို့က ၆ ရက်နေ့လာတော့ ကုမ္ပဏီကိုပါ ပြောပြီးခေါ်လာခဲ့တော့ အဲဒီအချိန်မှာ အက်ဆစ်မဖျန်းတော့ဘူး။ နှမ်းပင်တွေက သီးတုန်း၊ ပွင့်တုန်းဆိုတော့ အဖျားခြောက်ကုန်တော့တာ။ တချို့ဆို မျိုးပြန်တောင်မရဘူး။ မျိုးပြန်မပြောနဲ့ နွားစာတောင်မရဘူး။”လို့ ဆည်တည်းရွာ ဒေသခံတောင်သူတဦးက ပြောပါတယ်။

 

ထိခိုက်ပျက်စီးသွားတဲ့ သီးနှံတွေနဲ့ပတ်သက်ပြီး ဒေသခံတွေက ထိုက်သင့်တဲ့ လျော်ကြေးတွေ အမြန်ဆုံးပေးလျော်ပေးစေချင်နေကြပေမယ့် ကုမ္ပဏီဖက်ကတော့ အခုချိန်ထိ ထူးခြားမှုမရှိသေးပါဘူး။ လက်ရှိမှာတော့ ဒေသခံတွေမှာ သီးနှံမရတဲ့အပြင် နွားစာပါမရတဲ့အတွက် လူနှင့် တိရိစ္ဆာန်အားလုံးအတွက် အခက်အခဲတွေရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW