ယူရိုသန်း(၇၀) ချေးယူမယ့်ကိစ္စ မဆိုင်တဲ့ water taxi ကောင်းစားဖို့အတွက်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော

နေပြည်တော်၊ နိုဝင်ဘာ(၁၉)၊၂၀၁၈

ဒီပ(နေပြည်တော်)

 

နိုင်ငံတော်သမ္မထံက ပေးပို့ထားတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ချေးငွေယူရိုသန်း(၇၀) ရယူရန်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်ထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သတင်းထောက်များကို အခုလိုပြောပါတယ် “ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ် လုပ်လို့ရတဲ့အရာလို့ ဦးအနေနဲ့ သဘောထားတင်ပြချင်တယ်၊ ကမ်းခြေမှာ ပတ်လမ်းတွေလုပ်မယ်ဆိုတော့ ဒို့နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းက အများကြီးလိုနေသေးတယ် ရန်ကုန်မြို့တော်မှာ အဓိကလိုအပ်ချက် လမ်းမီးတွေမရှိဘူး ရာဇ၀တ်မှုတွေတိုးပွားတယ် ယာဉ်တိုက်မှုတွေဖြစ်တယ် ဒါတွေကို ဦးစားပေးပြီးလုပ်ရမယ် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ပြေပျောက်အောင်လုပ်ရမယ်။ မဆိုင်တဲ့ Water Taxi ကောင်းစားရေး လာလုပ်နေတယ်” လို့ လွှတ်တော်အပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အကြံပြုဆွေးနွေးသွားတဲ့ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းကတော့ အခုချေးငွေနဲ့ပတ်သက်ပြီး သုံးစွဲမယ့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့တော် စည်ပင်နဲ့ပတ်သက်နေတဲ့ ပန်းခြံ၊ ကားပါကင်၊ ဈေးအဆင့်မြှင့်တင်ခြင်းနဲ့ အများပြည်သူသုံး အပန်းဖြေနေရာတွေဆိုတာကို ကျွန်မတို့အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ငန်းဆိုပြီး မပြောချင်ပေမယ့် ဒီထက်ပိုအရေးကြီးတဲ့ နေရာတွေရှိနေတာကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်လို့ လွှတ်တော်မှာ ဆွေးနွေးထောက်ပြခဲ့ပါတယ်။

ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာလ(၁၂) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက တင်ပြခဲ့တာဖြစ်ပြီး ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(AFD)ဆီကနေ ယူရိုသန်း(၇၀) ချေးငွေအပြင်၊ ဥရောပသမဂ္ဂ အီးယူထောက်ပံ့ငွေ ယူရို၉ဒသမ၅သန်း အပါအ၀င် အခွန်အခ မြေယာအသုံးချမှုနဲ့ ရွှေ့ပြောင်းမှု ကိစ္စများအတွက် အစိုးရက ယူရို၅ဒသမ၂သန်း စုစုပေါင်း ယူရို၈၄ဒသမ၇သန်းနဲ့ စီမံကိန်းကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြည်ပချေးငွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးသွားကြတာဖြစ်ပြီး ကိုယ်စားလှယ်အများစုကတော့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ဦးစားပေးပြီး လုပ်ကိုင်သင့်သလို အကြွေးဝန်ပိနိုင်ကြောင်း ဆွေးနွေးသွားကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး  နိုဝင်ဘာ(၂၆)မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူက လာရောက်တင်ပြမှာဖြစ်ပြီးတော့ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW