ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးအစီအစဉ် ၂၀၁၉ ခုနှစ်မှာပြန်စမည်

ကော့ဘဇား၊ နိုဝင်ဘာ-၁၉

မျိုးဆက်( VOM)

 

ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ကို နေရပ်ပြန်ပို့ရေး အစီအစဉ်တွေကို လာမည့်နှစ်သစ်ကူးလကာလအထိ ဆိုင်းငံ့ထားမှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲပြီးမှသာ ပြန်လည်ပို့ဆောင်ရေးနဲ့ နေရာချထားရေးလုပ်ငန်းတွေ ပြန်လည်စတင်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၈ ရက်က ပြောပါတယ်။

ဒုက္ခသည်တွေ အဓိကတောင်းဆိုထားတဲ့ အချက်တွေကို ၂၀၁၉ ခုနှစ် ပြန်လည်ပို့ဆောင်ရေးလုပ်ရာမှာ ထည့်သွင်းသွားဖို့ လိုအပ်မှာဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေး ကော်မရှင်မင်းကြီး အဘူကာလန်က ပြောဆိုပြီး ဒါဟာ၎င်းရဲ့ အမြင်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားမဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်းပြောဆိုပါတယ်။

အောက်တိုဘာလနှောင်းပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေးအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်မှာ စတင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ပြန်လည်နေထိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိဘူးဆိုပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ၊ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆန့်ကျင်ခဲ့ကြပါတယ်။

ဒုက္ခသည် ၂၂၀၀ ကို ပထမအသုတ်အဖြစ် နိုဝင်ဘာ ၁၅ ရက်မှာ ပြန်ပို့ရေးအစီအစဉ် တရားဝင်စတင်ခဲ့ပေမယ့်  ဒုက္ခသည်စခန်းကနေ မပြန်လိုကြောင်း ဒုက္ခသည်တွေ ဆန္ဒပြကြတဲ့အတွက် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

ပြန်ပို့မယ့် စာရင်းထဲမှာ ပါဝင်တဲ့ ဒုက္ခသည်တွေက တရားမျှတမှု၊ နိုင်ငံသားဖြစ်ခွင့်ရလိုမှုနဲ့ သူတို့တောင်းဆိုတာတွေ မရရင် ဘယ်သူမှ နေရပ်မပြန်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံသားအဖြစ် လျှောက်ထားဖို့အတွက် NVC ကဒ်ကို ဒုက္ခသည်တွေအနေနဲ့ လက်ခံဖို့လိုအပ်ပြီး နိုင်ငံသားဖြစ်ခွင့်ဥပဒေအရာ နိုင်ငံသားလျှောက်ထားနိုင်ကြောင်း မြန်မာဘက်က ပြောဆိုထားပါတယ်။ ဒီကဒ်ဟာ နိုင်ငံခြားသား အဖြစ်သာဖော်ပြထားလို့ ဒုက္ခသည်တွေဖက်က လက်မခံနိုင်ကြောင်း ငြင်းဆိုထားပါတယ်။

Ref: Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW