ယိုချောင်းအထက်ပိုင်းက စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းသွားပေးတဲ့အဖွဲ့တွေကို တပ်မတော်က ပြန်လွှတ်

ကျောက်တော်၊ ဒီဇင်ဘာ-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို လူမှုအဖွဲ့အစည်းတွေက လိုအပ်တဲ့ရိက္ခာနဲ့တခြားအကူအညီတွေကို ထောက်ပံ့ပေးအပ်ဖို့ ဒီကနေ့သွားရောက်ခဲ့ကြတဲ့ အဖွဲ့တွေကို တပ်မတော်က သွားလာခွင့်ပိတ်ထားလိုက်တဲ့အတွက် ပြန်လာခဲ့ကြရတယ်လို့ ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့ကပြောပါတယ်။

အဲဒီအဖွဲ့တွေဟာ စစ်တွေကနေသွားရောက်ထောက်ပံ့တဲ့ အနာက်တံခါးကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ ကျောက်တော်မြို့ပေါ် လူငယ်အဖွဲ့တို့ဖြစ်ပြီး ယိုးချောင်းအထက်ပိုင်းက သလူချောင်းကျေးရွာနဲ့ ငစရိုင်းကိုင်းကျေးရွာတွေကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

“ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာက စစ်ဘေးရှောင်တွေကို ဆန်နဲ့စောင်တွေ၊ အင်္ကျီတွေ၊တခြား စားစရာတွေသွားပေးတာပါ။ တောင်မင်းကုလားရွာမှာချထားတဲ့ စစ်တပ်စခန်းကနေ ကျွန်တ်ာတို့ကိုစစ်ဆေးပြီးတော့ သွားခွင့်မပြုလို့ အခုပြန်လာရပါတယ်။ ကျွန်တော်တို့နဲ့အတူ စစ်တွေကအဖွဲ့တစ်ဖွဲ့လည်း ပြန်လာခဲ့ရပါတယ်။”ဟု ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့က ပြောပါတယ်။

အခုရိက္ခာပို့ဆောင်ခွင့်ပိတ်ထားလိုက်တဲ့ ကျေးရွာတွေကတော့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး အဲဒီကျေးရွာတွေကို တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပညာဝ ကျေးရွာအနီးဝန်းကျင်က ဒေသခံ မြိုလူမျိုး ၂၀၀ ကျော် ရောက်ရှိနေတာဖြစ်ပါတယ်။

“ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေရောက်ရှိနေတဲ့နေရာက လေးနေရာရှိပါတယ်။ ကန်ဇောက်ရွာ၊ တောင်မင်းကလုလားရွာ၊ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေမှာ ခိုလှုံနေကြတာပါ။ အခု သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာကို သွားလာခွင့်မပြုတော့ အဲဒီကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် အခက်အခဲရှိပါတယ်။”လို့ အဲဒီအဖွဲ့က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တွေကို စစ်ဘေးရှောင်ဒုက္ခသည်တွေ ရောက်ရှိနေကြပြီး တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်အရေအတွက်မှာလည်း နေ့စဉ်များပြားလာနေတာ ဖြစ်ပါတယ်။

#voiceofmyanmar#စစ်ဘေးရှောင်#တပ်မတော်#ကျောက်တော်#ယိုချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW