အနောက်နိုင်ငံတွေက ကန့်ကွက်နေပေမယ့် လအနည်းငယ်အတွင်း ဂြိုလ်တုတစ်လုံး လွှတ်တင်မယ်လို့ အီရန်သမ္မတ ရူဟာနီဆို

တီဟီရန်၊ ဇန်န၀ါရီ-၁၇

မျိုးဆက် (VOM)

ယခုသီတင်းပတ်အတွင်း ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုလွှတ်တာ မအောင်မြင်ခဲ့ပေမယ့် လအနည်းငယ်အတွင်း ဂြိုဟ်တုသစ်တစ်လုံးထပ်ပြီး လွှတ်တင်ဖို့ အီရန်နိုင်ငံ အသင့်ပြင်ထားတယ်လို့ အီရန်သမ္မတ ရူဟာနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ကန့်ကွက်နေတာကို လျစ်လျူရှုပြီး လွန်ခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက် က ပါယမ်လို့ အမည်ပေးထားတဲ့  ဂြိုလ်တုကို ကမ္ဘာ့လမ်းကြောင်းအတွင်းသို့ အီရန်က လွှတ်တင်ခဲ့ပြီး ဒုံးပျံနဲ့ လွှတ်တင်ခြင်း အဆင့်သုံးမှာ လုံလောက်တဲ့ အမြန်နှုန်းမရရှိခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

အဆိုပါဂြိုဟ်တုလွှတ်တင်ရာမှာ တာဝေးပစ်ပဲ့ထိန်းဒုံးပျံနည်းပညာကိုအသုံးပြုထားသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျရောက်တယ်လို့ အမေရိကန်က ပြောဆိုပြီး အီရန်က လွှတ်တင်ဖို့ စီစဉ်နေတာကို ကန့်ကွက်ကြောင်း ယခုလအတွင်းမှာ အမေရိကန်က သတိပေးထားပါတယ်။

အီရန်ဟာ  ဂြိုဟ်တုတည်ဆောက်တာနဲ့  လွှတ်တင်တာတွေနဲ့ ပတ်သက်ပြီး  ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့ပြီး လမ်းမှန်ပေါ် လမ်းကြောင်းပေါ်ရောက်ရှိနေတယ်လို့ အီရန်သမ္မတ ရူဟာနီက ပြောပါတယ်။

အဆိုပါဂြိုဟ်တုကို ပုံရိပ်များရယူရန်နဲ့ ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေအတွက် အသုံးပြုဖို့ရည်ရွယ်ထားပြီး ကင်မရာလေးလုံးတပ်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဂြိုဟ်တုကို အမြင့် ၅၀၀ ကီလိုမီတာမှာ သုံးနှစ်ထားဖို့ ရည်ရွယ်ထားပြီး ဒေါ့စတီအမည်ရှိ အခြားဂြိုဟ်တုတစ်လုံးကိုလည်း လွှတ်တင်ဖို့ စောင့်ဆိုင်းနေတယ်လို့ အီရန်ဆက်သွယ်ရေးဝန်ကြီးက ၎င်းရဲ့တွစ်တာမှာ ရေးသားထားပါတယ်။

Ref: Reuter

Photo : Reuter

 

Related posts

Leave a Comment

VOM News

FREE
VIEW