နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဌာနချုပ်ကို အစိုးရတပ်မတော် သိမ်းပိုက်တဲ့အပေါ် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတိုင်ကြားမည်

နန်းယွန်း ဖေဖေါ်ဝါရီ ၁-၂၀၁၉

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်း၊ နန်းယွန်းမြို့နယ်ရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)ဌာနချုပ်ကို နမခလက်အောက်ခံ ခန္တီးအခြေစိုက်ဗျုဟာက ဇန်နဝါရီလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။

တိုက်ပွဲကြီးငယ်ဖြစ်ပွားတာမျိုးမရှိခဲ့ဘဲ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဖက်ကနေ တဖက်သတ် ဆုတ်ခွာပေးခဲ့လို့ အသေအပျောက်တစုံတရာမရှိဘူးလို့ သိရပါတယ်။ အခုလို သိမ်းပိုက်တဲ့လုပ်ရပ်အပေါ်မှာတော့ ဒေသခံပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တို့ကို တင်ပြသွားမှာဖြစ်သလို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း နာဂဒေသဦးစီးအဖွဲ့ကတဆင့် တင်ပြသွားမယ်လို့  ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

“ပြည်ထောင်စုမှာ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ နောက် နိုင်ငံတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဆီရယ် တင်ပြဖို့ ရှိပါတယ်။ မေတ္တာရပ်ခံဖို့ပေါ့။ NSCN စခန်းမှာ ဒီလို ဖြစ်နေတာကို လူထုအတွက်ရော NSCN ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုအပေါ်မှာ ဦးတည်နေတဲ့အတွက်ရော သနားငဲ့ညှာပြီးတော့မှ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ပေါ့။ အဲလို တင်ပြသွားဖို့ ရှိတယ်။ တိုင်းအစိုးရကိုတော့ မိတ္တူပေးပို့သွားမယ်။”လို့ ဆိုပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)က တိုင်းဒေသကြီးအစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားတာလည်း ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ၇နှစ်နီးပါးကာလအတွင်း တိုက်ပွဲကြီးငယ်ဖြစ်ပွားတာမျိုးမရှိခဲ့ပေမယ့် တပ်မတော်ဖက်ကနေ မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကိုတော့ ဝင်ရောက်ပြီး မီးရှို့တာမျိုးတော့ ခဏခဏရှိတယ်လို့လည်း ဆိုပါတယ်။

NSCN-K ဌာနချုပ်ကို သိမ်းပိုက်တာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။  သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ အိန္ဒိယနိုင်ငံဖက်က သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တွေ နာဂဒေသကိုဝင်ရောက် ခြေကုပ်ယူနေတာကို ၂ နိုင်ငံသဘောတူညီချက်နဲ့ အစိုးရစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာဖြစ်ပြီး တပ်စခန်းချဖို့ NSCN-K ဌာနချုပ်ကို ဝင်ရောက်နေရာယူတာလို့ သိရပါတယ်။

ဌာနချုပ်ကို ဝင်ရောက်သိမ်းပိုက်ရာမှာ တပ်မတော်ဖက်က နောက်ပါအင်အားနဲ့ဆိုရင် ၄၀၀ ထက်မနည်းရှိနေပြီး NSCN-K ဖက်ကတော့ အင်အား ၁၀၀ ကျော် ဆုတ်ခွာပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လောက်အထိ တပ်မတော်ဖက်က ဌာနချုပ်ကို ဆက်လက်သိမ်းပိုက်ထားမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး နမခမှ ဗိုလ်မှုးကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တပ်မတော်သတင်းမှန်ပြန်ကြားရေးကိုသာ ပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar# နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)

ဓါတ်ပုံ Shu Maung Facebook

Related posts

Leave a Comment

VOM News

FREE
VIEW