နျူကလီးယားအင်အားကြီး ငါးနိုင်ငံဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

ပေကျင်း၊ ဖေဖော်ဝါရီ-၁-၂၀၁၉

မျိုးဆက် (VOM)

အမေရိကန်နဲ့ရုရှားနိုင်ငံတို့အကြား စစ်အေးခေတ်က ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယားသဘောတူစာချုပ်နဲ့ ပတ်သက်ပြီး မတင်မကျအခြေအနေဖြစ်ပေါ်နေချိန်မှာ နျူကလီးယားဖျက်သိမ်းရေးနဲ့ပတ်သတ်ပြီး ကမ္ဘာ့နျူကလီးယားအင်အားကြီး ငါးနိုင်ငံအကြားဆွေးနွေးမှုဟာသဘောတူညီချက် တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားပါတယ်။

နျူကလီးယားအင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံတို့က ကိုယ်စားလှယ်တွေရဲ့ တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်တဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အဓိကထားဆွေးနွေးတဲ့ နှစ်ရက်ကြာဆွေးနွေးပွဲဟာ ဇန်န၀ါရီ ၃၁ ရက်မှာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာ အစိုးရတွေရဲ့ နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ် ဆက်လက်ထိမ်းသိမ်းသွားမှာဖြစ်ပြီး နျူကလီးယားဖျက်သိမ်းရေးကိုတော့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နျူကလီးယားဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေ အမြင်သဘောထားအမျိုးမျိုးကွဲပြားနေတာကြောင့် ငါးနိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နျူးကလီးယားအင်အားကြီး ငါးနိုင်ငံရဲ့ ယခင်ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး စစ်တပ်တွေအတွက် နျူကလီးယားစမ်းသပ်တာတွေကို ပိတ်ပင်တားဆီးတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ အစောပိုင်းကတည်းက ကတိပြုခဲ့ကြပါတယ်။ လက်ရှိပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ အဆိုပါ ကိစ္စအပြင် ဆွေးနွေးမှု အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

Ref: NHK

Photo : fmprc.gov.cn

Related posts

Leave a Comment

VOM News

FREE
VIEW