ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့ ကရင်နီလူငယ် ၂၀ အမှုဖွင့်ခံရ

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၁-၂၀၁၉

ဟိန်းကို(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားမှာကို ကန့်ကွက်နေတဲ့ ကရင်နီလူငယ် ၂၀ဦးဟာ ဒီကနေ့ နေ့လည်ပိုင်းက ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)နဲ့ သက်ဆိုင်ရာက တရားစွဲဆိုတာကို ခံလိုက်ရပါတယ်။

“ကျနော်တို့ ခု တရားရုံးကိုရောက်နေတယ်၊ လက်ရှိ ပုဒ်မ(၁၉)နဲ့ တရားစွဲခံထားရတာ အယောက်၂၀ရှိပါပြီ၊ ကျွန်တော်တို့က ဆက်လက်ဆန့်ကျင့်သွားမယ်၊ ဆန္ဒထုတ်ဖော်တာ ကန့်ကွက်တာတွေ ဆက်လုပ်သွားမယ်၊ တခြားနိုင်ငံရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမှ သဘောထားတွေထုတ်ပြန်နိုင်အောင် ကျနော်တို့တွေဆက်လုပ်သွားပါမယ်” လို့ တရားရုံးမှာ ရောက်နေတဲ့ ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီ(ခ)စစ်မုန်း က ပြောပါတယ်။

အရင်ကတည်းက ကန့်ကွက်လို့ အစီအစဉ် ရပ်ဆိုင်းသလို ဖြစ်နေရာက ၂၀၁၉ ဇန်နဝါရီ(၂၉)ရက်နေ့ ညနေပိုင်မှာ ကန္ဒာဟေဝန်ပန်းခြံထဲကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လာထားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေသခံတွေဆန္ဒကို ဆန့်ကျင်လို့ဆိုပြီး ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကရင်နီလူငယ်တွေက လာရောက်ကန့်ကွက်ခဲ့ပြီး ထိုင်သပိတ်ပြုလုပ်ခဲ့တာပါ။

ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီ(ခ)စစ်မုန်း ဆက်ပြောတာက “ကျနော်တို့ပြည်နယ်ရဲ့သမိုင်းကို မလေးစားဘူး ၊ သမိုင်းကို မလေးစားရင် သမိုင်းနဲ့အတူပေါက်ဖွားလာတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေကို မလေးစားဘူးဆိုတဲ့ သဘောဖြစ်တယ်၊ အာဏာရှင်ဆန်တဲ့ လုပ်ရက်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချပြီးတော့မှ နိုင်ငံရေးအမြတ်ထုတ်တာလို့ ကျနော်တို့မြင်တယ်၊ နောက်တစ်ခုက ကျနော်တို့ တိုင်းရင်းသားတွေကြားမှာ ညီညွတ်မှုမရှိအောင် သွေးခွဲတယ်လို့ပဲထင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတကြီး လွိုင်ကော်မြို့လာတုန်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများရဲ့ဆန္ဒကို မဆန့်ကျင်ဖို့ပြောကြားခဲ့ပေမယ့် ခုလိုလုပ်ရပ်ဟာ ဆန့်ကျင်ရာရောက်နေသည်ကို သမ္မတကြီးသိဖို့အတွက် ကရင်နီပြည် လူငယ်အင်အားစုက အိတ်ဖွင့်ပေးစာ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar#လွိုင်ကော်#ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့ကရင်နီလူငယ်၂၀အမှုဖွင့်ခံရ#

 

Related posts

Leave a Comment

VOM News

FREE
VIEW