မြန်မာဂန္ထ၀င်အဆိုတော်ကြီးဖြစ်တဲ့ ဦးမင်းနောင် ကွယ်လွန်

ရန်ကုန် ဖေဖော်ဝါရီ ၂ -၂၀၁၉

သင်းသဒ္ဒါ (VOM)

မြန်မာဂန္ထ၀င်အဆိုတော်ကြီး စည်သူဘွဲ့ရ ဦးမင်းနောင် (ကိုမင်းနောင်)  အသက် ၈၈ နှစ်ဟာ  ၉၆ ပါးရောဂါနဲ့  ဇန်န၀ါရီ ၃၁ ရက် ညနေ ၅နာရီ ၄၅ မိနစ်က  ရန်ကုန်မြို့  အာရှတော်ဝင်ဆေးရုံ ၇ လွှာ၊ အခန်းနံပါတ် ၁၇ မှာတော့ ကွယ်လွန်ခဲ့ပါတယ်လို့  သိရပါတယ်။

”အန်တီတို့ရဲ့ အစ်ကိုလို ဖခင်လိုဖြစ်နေတဲ့ လေးစား ခဲ့ရတဲ့ ဦးမင်းနောင်ပါ။ ဂန္တဝင်အဆိုတော် စည်သူဘွဲ့ထားတဲ့ စည်သူဦးမင်းနောင်လို့လည်းခေါ်လို့ ရပါတယ်။ ဒီအစ်ကို အစ်မတွေရဲ့ အရိပ်အောက်မှာ အန်တီလဲ့တို့ကြီးပြင်းခဲ့တာပါ။ကိုယ့်တွေ ကလေးဘဝမှာ သူတို့က နိုင်ငံကျော်အဆိုတော်ကြီးတွေဖြစ်နေပါပြီ။ အစ်ကိုကအသက် ၂၀ နှစ်အရွယ်လောက်က တေးသီချင်းတွေကိုဆိုခဲ့တာပါ။ ဥပမာ သီချင်းဆိုဖို့သွားတာပဲဖြစ်ဖြစ် ဘယ်သွားသွားမခွဲကြဘူးပေါ့။ နှစ်အိမ်တစ်အိမ်လို နေတာပါ။ မနေ့က ညပိုင်းက ထမင်းစားပြီးတော့ အိပ်တာ သတိမေ့သွားခဲ့တယ်။ပြန်ပြီးတော့ သတိမလည်လာတော့ဘူး။ဒါနဲ့ မနေ့ညက ဆေးရုံတင်လိုက်တာပါ။ ဆေးရုံမှာ အောက်ဆီဂျင်ပေးထားရတယ်။ညင်ညင် သာသာအသက်ထွက်သွားတာပါ”လို့ ဂန္တဝင်အဆိုတော်ကြီး တက္ကသိုလ်လဲ့လဲ့က ဆိုပါတယ်။

သူကတော့လွန်ခဲ့တဲ့  ၂ နှစ်ကတည်းက ချော်လဲသွားလို့ ခါးရိုးထိထားခဲ့ပြီးတော့ နာတာရှည် ရောဂါ ကိုခံစားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်သူ ဦးမင်းနောင်ရဲ့ ဇနီးကတော့ ဂန္တဝင် အဆိုတော်ကြီး ဒေါ်ရီလေးဖြစ်ပြီးတော့ သားသုံး ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။သားသမီးတွေလည်း  အိမ်ထောင်သည်တွေဖြစ်ပြီးတော့ သမီးတစ်ယောက်ကတော့ အမေရိကန်မှာ နေထိုင်တယ်လို့ သိရပါတယ်။

ဂီတသက်တမ်း ၇၀ ကျော်ရှိပြီးတော့ နိုင်ငံတော်က စည်သူဘွဲ့ရထားတဲ့အပြင် တေးဂီတစိစစ်ဆေးရေးမြန်မာသံစဉ်ဘုတ်အဖွဲ့ဝင် (မြန်မာ့အသံရုပ်မြင်သံကြား)မှာလည်း ဂီတပိုင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ဒါအပြင်ဇယာ ၊ တက္ကသိုလ်ကျောင်းသူတစ်ဦး စတဲ့ နိုင်ငံကျော် ဂန္တဝင် တေးသီချင်းတွေ ရုပ်ရှင်တေး ဓာတ်ပြားတေး စတဲ့ သီချင်းအပုဒ်  ၅၀၀၀ ကျော်ကို သီဆိုခဲ့ပြီးတော့  ရုပ်ရှင်မင်းသားအဖြစ်လည်း ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။

ကျန်ရစ်သူ မိသားစုကတော့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်  ရွှေလောင်းလမ်းရှိ ၃၃ (ခ)ပထမထပ်မှာ  နေထိုင်ခဲ့ပြီးတော့ စည်သူ ဦးမင်းနောင်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁ နာရီမှာ ရေဝေးသုသာန်၌ မီးသဂြိုလ်သွားမယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – ကိုကိုလှမြင့် Facebook

#voiceofmyanmar#ကိုမင်းနောင်

Related posts

Leave a Comment

VOM News

FREE
VIEW