စစ်ကိုင်းတိုင်းလွှတ်တော်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့ လာရောက်လေ့လာ။

မုံရွာ ဖေဖေါ်ဝါရီ ၄-၂၀၁၉

ဗျဂ္ဃ (VOM)

ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့က လာရောက်လေ့လာခဲ့ကြပါတယ်။

လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့ကို စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ ဦးသန်း၊ ဒုတိယဥက္ကဌ ဦးဘိုးသန်းညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်အကြီးအမှုးတို့က ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အခုလို တခြားနိုင်ငံက လွှတ်တော်ဥက္ကဌ လာရောက်လည်ပတ်တာက ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။ လေ့လာရေး အလည်အပတ်ရောက်ရှိလာတဲ့ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌ Mr. Yumnam Khemchan က အမှာစကား ပြောကြားခဲ့ပါသေးတယ်။

“ပါလီမန်ဒီမိုကရေစီဆိုတာ ပြည်သူ့ရဲ့၊ ပြည်သူက၊ ပြည်သူ့အတွက်ဆိုတာပဲဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း ပါလီမန်ဒီမိုကရေစီမှာ ရွေးကောက်ပွဲကနေ မဲအများဆုံးရတဲ့ပါတီက အစိုးရဖြစ်လာပြီးတော့ မဲဒုတိယအများဆုံးရတဲ့ပါတီက အတိုက်အခံပါတီဖြစ်လာတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့ပါတီက ရွေးချယ်ခြင်း၊ ရွေးကောက်ခြင်းနည်းလမ်းတွေနဲ့ နိုင်ငံ့ခေါင်းဆောင်ကို ပြန်လည်တင်မြှောက်ကြတယ်။ ပါလီမန်ဒီမိုကရေစီဆိုတာ ကျွန်တော့်အနေနဲ့ မြင်တာကတော့ ခရီးတခုကို လျှောက်လှမ်းတာဖြစ်ပြီး တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ဆီကနေ လေ့လာပြီးတော့ ကျင့်သုံးကြတာပါ။ အဲဒါကြောင့်မို့ လွှတ်တော်ဥက္ကဌကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်အားလုံး မဏိပူရ်ပြည်နယ် လွှတ်တော်ကို လာရောက်လေ့လာဖို့၊ ပြီးတော့ ပါလီမန်ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေး လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။”လို့ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌ Mr. Yumnam Khemchan က အမှာစကားပြောကြားခဲ့တာပါ။

ဒါ့အပြင် လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်အသစ်တွေ ကတိသစ္စာပြု လက်မှတ်ရေးထိုးတာ၊ မေးခွန်းမေးမြန်းဖြေဆိုတာတွေကိုလည်း လေ့လာခဲ့ပြီး ပြန်လည် ထွက်ခွာခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ပုံမှန်အစည်းအဝေး ၁၇ ကြိမ်ရှိပြီဖြစ်ပြီး အခုကျင်းပတဲ့အစည်းအဝေးမှာတော့ မေးခွန်းပေါင်း ၂၄၉ ခုနှင့် အဆို ၂ ခုတို့ကို မေးမြန်းဆွေးနွေးကြမှာဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်းတိုင်းလွှတ်တော်#မဏိပူပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW