ထိုင်းဘုရင်ရဲ့အမတော် မင်းသမီးယူဘိုရာတာနာ ဝန်ကြီးချုပ်ရာထူး ဝင်ရောက်ယှဉ်ပြိုင်မယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈-၂၀၁၉

မျိုးဆက် (VOM)

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အကြီးဆုံးအစ်မဖြစ်သူ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ ထိုင်းရတ်ဆာချက်ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အဆိုပါပါတီကနေ ယင်းကိစ္စကို ဖေဖော်ဝါရီ ၈ ရက်က အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။

မင်းသမီးကို ပါတီရဲ့တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်တင်သွင်းလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း မှတ်ပုံတင်ပြီးနောက် ထိုင်းရတ်ဆာချက် ပါတီရဲ့အကြီးအကဲ ပရီချာပိုပေါင်ပါနစ်က သတင်းထောက်တွေကို အတည်ပြုပြောဆိုပါတယ်။

ထိုင်းတော်ဝင်မိသားစု အစဉ်အလာအရ နိုင်ငံရေးကိစ္စတွေနဲ့ ကင်းအောင်နေရတဲ့အတွက် ယခုကိစ္စရပ်မှာ ကြိုတင်မျှော်မှန်းမထားတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်ပြီး မင်းသမီးဟာ ၁၉၇၀ပြည့်လွန်နှစ်တွေအတွင်း သူမရဲ့ တော်ဝင်အမည်ကို စွန့်လွှတ်ထားသူဖြစ်ပါတယ်။

မင်းသမီး ယူဘိုရာတာနာရဲ့ အမည်တင်သွင်းမှုကို ပါတီဘုတ်အဖွဲ့ကလည်းသဘောတူပြီး သူမရဲ့ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေဟာ ဝန်ကြီးချုပ်ရာထူးအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်ကြောင်း ထိုင်းရတ်ဆာချက်ပါတီခေါင်းဆောင် က ပြောကြားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်အိုချန်အိုချာလည်း ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်းဘုရင်မိသားစုပါဝင်လာတဲ့ မတ် ၂၄ ရွေးကောက်ပွဲက ထိုင်းနိုင်ငံရေးအပေါ် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

#voiceofmyanmar#ထိုင်းဘုရင်ရဲ့အမတော်#ဝန်ကြီးချုပ်ရာထူးဝင်ရောက်ယှဉ်ပြိုင်မယ်

Ref : CNA

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW