ရသေ့တောင်မြို့နယ် မေယုကမ်းတောင်ဦးဘုရားအနီး မိုင်းသုံးလုံးပေါက်ကွဲ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၂-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနောက်တောင်ဘက် မေယုကမ်းဒေသ တောင်ဦးဘုရားအနီးမှာ ဒီးကနေ့နေ့လည် ၂ နာရီဝန်းကျင်လောက်က မိုင်းသုံးလုံးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုဟာ တပ်မတော်ကားတန်းသွားလာနေစဉ် အောင်ဗလကျေးရွာအုပ်စုအတွင်းရှိ ကုန်တန်းကျေးရွာနဲ့ သာစည်ကုန်းကျေးရွာအကြားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“နေ့လည် ၂ နာရီလောက်မှာ ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့သတင်းပို့ချက်အရသိရပါတယ်။ အဲ့ဒီနားမှာ ရှိတဲ့ရွာကိုတော့ တပ်မတော်က ၀င်လာပြီးစစ်ဆေးမှုတွေလုပ်တယ်။ နေအိမ်တွေကိုသေနတ်တွေနဲ့ ပစ်သွားတယ်လို့ ပြောပါတယ်။”လို့ရခိုင်အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

သာစည်ကုန်းကျေးရွာက လမ်းနံဘေးနေအိမ်တချို့ကို ၀င်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားတဲ့အတွက် ကျေးရွာသားတွေစိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။

“ကျွန်မတို့ရွာနဲ့ ပေါက်ကွဲတဲ့နေရာက ၁၀ ဖာလုံလောက်ဝေးပါတယ်။ စစ်သားတွေရောက်လာပြီး ဒီရွာကပဲလုပ်တာဖြစ်မယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်မယောက်ျားကို မြေကြီးပေါ်မှာမှောက်ခိုင်းထားပါတယ်။ သမီးကိုလည်းဘယ်မှမသွားနဲ့ လို့ပြောပါတယ်။ ကျွန်မတို့ကိုလည်း ရွာနားက ဗောဓိပင်အောက်မှာ ထိုင်ခိုင်းထားပါတယ်။ ပြီးတော့ အိမ်ကိုတက်ပြီး မွှေကြတယ်။”လို့  ဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။

ကျေးရွာအတွင်းလူတွေထိခိုက်မှုမရှိခဲ့ပေမယ့် မိုင်းခွဲခံရတဲ့ နေရာမှာတော့ ထိုခိုက်မှုတွေရှိမရှိမသိရသေးကြောင်း ကျေးရွာသားတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW