ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေက ၀န်ထမ်းတွေအားလုံး ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဆင်းလက်မှတ်မရှိရင် အရေးယူမည်

နေပြည်တော်၊ဖေဖော်ဝါရီ ၁၄-၂၀၁၉

ဒီပ(နေပြည်တော်)

တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိစက်သုံးဆီ အရောင်းဆိုင်တွေနဲ့ ဆီသိုလှောင်ကန်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းအားလုံးကို ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်း တက်ရောက်ရမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားရေးမှုးဖြစ်သူ ဦးသိန်းထွေးက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“သင်တန်းတက်ပြီးစီးကြောင်း လက်မှတ်ပေါ့ ဒီသင်တန်းတက်ခြင်းအားဖြင့် ဆီကိုဘယ်လိုကိုင်တွယ်ရမလဲ မီးအန္တရာယ် တစ်ခုခုဖြစ်လာရင် ဘယ်လိုငြိမ်းသတ်ရမလဲ ဒါလေသိသွားရင် ဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတို့သိသွားကြလိမ့်မယ် အဲ့ဒီမှာ အသက်(၁၈)နှစ်လည်း ပြည့်ရမယ် မူလတန်း အောင်မြင်ပြီးသူလည်း ဖြစ်ရမယ် စာတွေ့လက်တွေ့ပေါ့ အဲ့ဒါကြောင့် ဒီသင်တန်းကို တက်ခိုင်းရခြင်းဖြစ်တယ် ဆိုင်မှာရှိတဲ့ ၀န်ထမ်းအားလုံး တက်ကိုတက်ရမယ်”လို့ ဦးသိန်းထွေးက ပြောကြားခဲ့ပါတယ်။

ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဟာ နှစ်ရက်တည်းဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ဆိုင်အရေအတွက် စာရင်းတွေတက်လာသလို ၀န်ထမ်းအရေအတွက်နဲ့ မတက်ရသေးရင်တော့ ဒီအချိန်မှာ တွန်းအားပေးမယ်လို့ ညွှန်ကြားရေးမှုးကပြောပါတယ်။

သင်တန်းတွေကတော့ ဖွင့်ပေးနေမှာဖြစ်ပြီး  တိုင်းနဲ့ပြည်နယ်မှာ ဘယ်နှစ်ယောက် တက်ပြီးလဲဆိုတာနဲ့ ဆိုင်ပေါင်းဘယ်လောက်ထိက သင်တန်းတက်ပြီးသွားပြီလည်း ကြည့်ရမှာဖြစ်ပြီး သင်တန်းကာလကတော့ တစ်လမှာနှစ်ကြိမ် ခွဲပြီးလုပ်ပေးမှာဖြစ်တဲ့အပြင်  သင်တန်းကြေးမရှိပါဘူးလို့လည်း ဆိုခဲ့ပါတယ်။

“အခုဆိုစနေပြီ တိုင်းနဲ့ပြည်နယ်တွေမှာ ဆရာတို့ဆီက တိုင်ရုံးအရာရှိတွေရှိတယ် မြန်မာ့ရေနံထွက် ရောင်းဝယ်ရေးက ၀န်ထမ်းတွေရှိတယ် ဥပမာ မွန်ဆိုရင် မွန်ပြည်နယ်မှာရှိတဲ့ ပြည်နယ်ရောင်းဝယ်ရေး အရာရှိရုံးမှာ ဒီသင်တန်းဖွင့်တယ် ရန်ကုန်ဆိုလည်း တိုင်းဒေသကြီး ရောင်းဝယ်ရေး အရာရှိရုံးမှာလုပ်တယ် တစ်နိုင်ငံလုံး လွှမ်းခြုံသွားမှာပဲ တဖြည်းဖြည်းနဲ့တော့ ခွဲပြီးတက်ရမယ် သင်တန်းဆင်းလက်မှတ် မရှိပဲနဲ့ ရောင်းမယ်ဆိုရင် နောက်ပိုင်းမှာ အရေးယူမယ်”လို့ ဦးသိန်းထွေက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များဟာ (၂၄၂၈)ဆိုင်ရှိပြီးတော့ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များကတော့ (၁၂)ဆိုင် ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၉ခုနှစ် ဇန်န၀ါရီလကုန်အထိ သင်တန်းသား (၆၂၅)ဦးတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW