တိုက်ပွဲကာလအတွင်း ပျောက်ဆုံးနေသူ ၅ ဦး မီးရှို့သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်းထဲတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြန်မာ့တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ ကျေးရွာသား ၅ ဦးတို့မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲ့ဒီကျေးရွာသားတွေကို တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ပြန်လည်ရောက်ရှိမလာခဲ့တဲ့အတွက် လိုက်လံရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာ သတ်ဖြတ်မီးရှို့ထားတဲ့အလောင်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရှိရတယ် လို့ ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေ့က ရွာသားငါးယောက်ပျောက်သွားတယ်။ တပ်မတော်က ခေါ်ယူသွားတယ်လို့သိရပါတယ်။ ကျားနင်းကန်ကျေးရွာသား သုံးယောက်ရယ်။ ရန်အောင်ပြင်ရွာသားတစ်ယောက်ရယ်။ နောက်ပြီးတော့ သာစည်ရွာသားတစ်ယောက် ပါ။ သုံးရက်အကြာမှာပြန်ရောက်မလာတဲ့အတွက် လိုက်ပြီးတော့ရှာတဲ့အခါမှာ တောစပ်နားမှာ မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်းတွေကို တွေ့ရတာပါ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ကျေးရွာသားတွေဟာ မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာက ဦးထွန်းရွှေလှ ၆၅ နှစ်၊ ကျားနင်းကန်ကျေးရွာက ဦးအေးသိန်း ၃၄ နှစ်၊ ဦးမောင်စိန်ဝင်း ၃၂ နှစ်၊ မောင်မျိုးမင်းဇော် ၂၃ နှစ်၊ သာစည်ကျေးရွာက မောင်ရွှေစိုး ၂၉ နှစ်တို့ဖြစ်ကြပါတယ်။

“ရွာသားတွေပျောက်နေတယ်ဆိုတာတော့ သတင်းပို့ထားလို့ သိရပါတယ်။ ဘယ်သူတွေကခေါ်ဆောင်သွားတယ်ဆိုတာ ကိုတော့ အတိအကျပြောလို့မရသေးဘူး။ ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေကိုအခုလိုလုပ်တာတော့ လက်မခံနိုင်ဘူး။ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒုက္ခရောက်နေကြတဲ့အထဲမှာ ဒေသခံတွေကမြေစာပင်ဖြစ်နေရတာတော့ မကောာင်းဘူးပေါ့”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကျားနင်းကန်ကျေးရွာသားနှစ်ဦးဟာ ထင်းအရောင်းအ၀ယ်လုပ်နေတဲ့ ထင်းကုန်သည်တွေဖြစ်ကြပြီး ထင်းတွေသယ်ဆောင်လာခဲ့တဲ့ သူတို့ရဲ့လှေကို ရန်အောင်ပြင်ကျေးရွာအနီး ရမ်းချောင်းထဲမှာတွေ့ရပြီးတော့ ရန်အောင်ပြင် ကျေးရွာသား ဦးထွန်းရွှေလှမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပတင်း အမည်ရှိနေရာမှာ ဥယာဉ်စိုက်ပျိုးလုပ်ကိုင်နေသူဖြစ်တယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

 

#voiceofmyanmar #ရခိုင်တိုက်ပွဲ#ရွာသားငါးဦးသတ်ခံရ#မြောက်ဦး

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW