ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကိုင်းတိုင်းမှာ ကျပ်သန်းပေါင်း ၉ထောင်ကျော် သုံးစွဲမည်

မုံရွာ ဖေဖေါ်ဝါရီ ၂၂-၂၀၁၉

ဗျဂ္ဃ(VOM)

 

စစ်ကိုင်းတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကုန်ထုတ်လမ်းဖောက်လုပ်တာ၊  ရေရှိရေးဆောင်ရွက်တာ၊ မဟာဓာတ်အားလိုင်းနဲ့ ၁၀ မိုင်အထက်ဝေးတဲ့ ကျေးရွာတွေကို မီးရရှိရေးဆောင်ရွက်တာ၊ ကုန်ထုတ်တံတားဆောက်တာ၊ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ၊ အရင်းမပျောက်ချေးငွေ စတဲ့ လုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း ၉ ထောင်ကျော်ကို သုံးစွဲသွားမယ်လို့ ကျေးလက်ဦးစီးဌာနက သိရပါတယ်။

 

“မြို့နယ် ၂၄ မြို့နယ်မှာ ကုန်ထုတ်လမ်းဖောက်တာ ၄၇ ခု၊ ၆၆မိုင်ကျော်အတွက်က ၁၆၆၂.၅၅၉ သန်း၊ မြို့နယ် ၉ မြို့နယ်မှာ တံတား ၁၇ ခု၊ ၂၈၁ ပေအတွက် ၆၉.၈၇၂ သန်း၊ မြို့နယ် ၃၇ မြို့နယ်လုံးမှာ ရေးပေးရေး ၂၅၄ ခုအတွက် ၃၃၇၁.၅၇၉ သန်း၊ ၂၃ မြို့နယ်မှာ မီးလင်းရေးအတွက် ဆိုလာ ၁၁၀၂၁ ခု။ ဒါကတော့ ပြည်ထောင်စုက တိုက်ရိုက်ပေါ့။ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ တရွာကို သိန်း၁၀၀ ထောက်ပံ့တာက ၄၁၂ ခုအတွက် ၄၁၂၀ သန်း စုစုပေါင်း ၉၉၅၀.၁၈၄ သန်းကို သုံးစွဲသွားမှာပါ။”လို့ တိုင်းကျေးလက်ညွှန်ကြားရေးမှုး ဦးဝင်ကျော်မျိုးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်း အရင်းမပျောက်ချေးငွေခေါ်တဲ့ မြစိမ်းရောင်စီမံကိန်းနဲ့ အိမ်ခြေ ၈၀ အထက်ရှိတဲ့ရွာတွေကိုလည်း ၁ ရွာကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ နှစ်စဉ် ရွာတွေတိုးကာ ထုတ်ချေးပေးနေပါတယ်။ ဒီနှစ်မှာလည်း ကျေးရွာပေါင်း ၈၂ ရွာ၊ ယူနစ်ပေါင်း ၈၀ ကို တိုးပြီးတော့ ထုတ်ချေးပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ကျေးရွာအများစုမှာ အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းက အောင်မြင်မှုရှိပြီး ကျေးလက်မှာ အဓိကလိုအပ်တဲ့ လမ်းတံတား၊ ရေ၊ မီး၊ ဆေးပေးခန်း၊ ကျောင်း စတာတွေမှာ တိုးတက်လာတယ်လို့ဆိုပါတယ်။

 

ဒါပေမယ့် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း စတဲ့မြို့နယ်တွေမှာတော့ မအောင်မြင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ငွေဖြစ်တဲ့အတွက် အရင်းပျောက်လို့ မရတာဖြစ်လို့ အရင်းပြန်ရအောင်တော့ လုပ်ဆောင်နေပြီး အတိုးကိုလည်း ဆက်လက်ကောက်ခံနေတယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာတွေအရောက် ကွင်းဆင်းစစ်ဆေးပြီးဆောင်ရွက်ရတာဖြစ်လို့ ဝန်ထမ်းအင်အား၊ သွားလာရေး၊ ငွေကြေးစတာတွေမှာ အခက်အခဲရှိတယ်လို့လည်းဆိုပါတယ်။

#voiceofmyanmar#စစ်ကိုင်းတိုင်း#ကျေးလက်ဖွံ့ဖြိုးရေး

Related posts

Leave a Comment

VOM News

FREE
VIEW