လေရှီးမြို့နယ်မှာ ကျန်းမာရေးဌာနခွဲ (၇)ခု အဆောက်အဦး တည်ဆောက်ပေးရေး လွှတ်တော်မှာမေး

နေပြည်တော် မတ် ၂-၂၀၁၉

မိုင်ချယ်ရီ (VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းက ကျေးရွာ (၇)ရွာမှာ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးတွေ ဆောက်လုပ်ပေးရေးအတွက် မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လေရှီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဌေး က မေးခွန်းမေးမြန်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဌေး က “မေးခွန်းမှာဖော်ပြထားတဲ့ ကျန်းမာရေးဌာနခွဲများဟာ ယခင်က နတလ အစီအစဉ် နဲ့ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးတွေလည်း ရှိပါတယ်။ နောက် ၀န်ကြီးဌာနကနေပြီးတော့ ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦးတွေလည်း ရှိသလို ကျေးရွာက ကိုယ်ထူကိုယ်ထ ထရံကာ ကပ်ကာလေးနဲ့ ဆောက်လုပ်ခဲ့တဲ့ ဆေးခန်းတွေ ဖြစ်ပါတယ်။ဒီလို ဒေသထွက် သစ်ဝါးတွေနဲ့ပဲ ဆောက်လုပ်ထားတော့ ယခုဆိုရင် ပျက်စီးနေပြီဖြစ်ပါတယ်။ဒါ့အပြင် ၀န်ထမ်းများနေဖို့လည်း မလုံလောက်ဘူး။သန့်ရှင်း လုံခြုံမှုလည်း မရှိဘူးဖြစ်နေပါတယ်။ဒါကြောင့် ကျန်းမာရေးဌာန ဆရာ ဆရာမ များနဲ့ ဆေးခန်း အတွက် ဒေသရာသီဥတုနဲ့ ကိုက်ညီမယ့် လုံခြုံတဲ့အဆောက်အဦး လိုအပ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတဲ့ ကျေးရွာများက ကားလမ်းပေါက်ထားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီးတော့ ဆောက်လုပ်ရေး ပစ္စည်း သယ်ယူပို့ဆောင်ဖို့ အတွက်လည်း အဆင်ပြေနိုင်ပါတယ်။ဒါကြောင့် ၀န်ထမ်းများ လုံခြုံမှု ရှိရေး နဲ့ ဆေးခန်းများ သန့်ရှင်းလုံခြုံရေးတို့ အတွက် အစောဆုံးဘဏ္ဍာနှစ်မှာ ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ သိရှိလိုတဲ့အတွက်ကြောင့် မေးမြန်းရပါတယ်” လို့ ပြောပါတယ်။

လေရှီးမြို့နယ် မှာ ရှိတဲ့ ဟိန်ကွတ်၊ ပိန္နဲကုန်း၊ ကော်လ်ကန်၊ ရန်နွေး၊ အောင်ဇေယျ၊ ထိန်းဖာရံ နဲ့ ကျဲကော့ကျေးရွာတွေမှာရှိတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးတွေကို စံချိန်နဲ့ ကိုက်ညီတဲ့ အဆောက်အအုံတွေ အဖြစ် ဆောက်လုပ်ပေးဖို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အကားကစား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဒီအဆောက်အဦးတွေကို စံချိန်ကိုက် အဆောက်အဦးအဖြစ် တည်ဆောက်ပေးဖို့ အတွက် မြေအမည်ပေါက် ပုံစံ(၁၀၅)(၁၀၆) ရရှိအောင် အရင်ဆောင်ရွက်ပေးဖို့ နဲ့ မြေအမည်ပေါက် ရရှိပြီဆိုရင် အနီးဆုံးဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျတ်ထည့်သွင်းပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်ပေးမယ်လို့ လွှတ်တော်ကိုယ်စာလှယ်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar#လေရှီး#နာဂ#ကျန်းမာရေးဌာနခွဲ#ဦးကျော်ဌေး#ဒေါက်တာမြင့်ထွေး

 

Related posts

Leave a Comment

VOM News

FREE
VIEW