ပလက်ဝမြို့နယ်မှာ တပ်မတော်က လမ်းပြခေါ်သွားတဲ့ ရွာသားတယောက် မိုင်းနင်းမိပြီးသေဆုံး

 

 

 

ပလက်ဝ မတ် ၇-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းမဒိန်းကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်လွန်းဟာဆိုရင် တပ်မတော်ကနေ လမ်းပြအဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်ခံခဲ့ရပြီးနောက်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။  ချင်းလူအခွင့်အရေးအဖွဲ့က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်လို့ ယူဆရတဲ့ မြေမြုပ်မိုင်းနင်းမိပြီးတော့ သေဆုံးခဲ့တယ်လို့ သေဆုံးခဲ့သူ ဦးအောင်လွန်းရဲ့ ညီဖြစ်သူ ဦးလွန်းဘဲရဲ့ ပြောပြချက်ကို ဖေါ်ပြထားပါတယ်။

 

သေဆုံးသူ ဦးအောင်လွန်းဟာ  ရှင်းမဒိန်းကျေးရွာနဲ့ ၃ ရက်လောက် သွားရတဲ့ နေရာဖြစ်တဲ့ ပီချောင်းဖျားဖျက် တောတွင်းတစ်နေရာမှာ တပ်မတော်စစ်ကြောင်းနဲ့လိုက်ပါသွားရာမှာ မိုင်းနင်းမိပြီးတော့ ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဦးလွန်းဘဲ က ပြောထားပါတယ်။ အဲ့ဒီ မိုင်းနင်းမှုမှာ ဦးအောင်လွန်း အပါအ၀င် အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဦးလွန်ဘဲ ရဲ့ ပြောကြားချက်ကို ဖော်ပြထားချက်အရ သိရပါတယ်။

 

သေဆုံးသူ ဦးအောင်လွန်းမှာ သားသမီး ၅ ဦး ကျန်ရှိနေခဲ့ပြီး သူသေဆုံးခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်ဖက်ကနေ ချင်းဓလေ့ထုံးတမ်းအတိုင်း နစ်နာကြေးပေးအပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒီထုတ်ပြန်ချက်အရ နစ်နာကြေးအဖြစ်နဲ့ တပ်မတော်ဖက်ကနေ ငွေကျပ် ၁၅ သိန်း ကို ချင်းဓလေ့ထုံးတမ်းအတိုင်း ပေးအပ်ဖို့ အတွက် မတ်လ ၃ ရက်နေ့က ခမောက်ဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ဗျူဟာမှူးရုံးမှာ လာယူဖို့ အတွက် တပ်မတော်ဖက်ကနေ သေဆုံးသူရဲ့ ညီကို ဦးလွန်းဘဲ ကို ကမ်းလှမ်းခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။

 

“ဒီလို အရပ်သားတွေကို လမ်းပြခေါ်ဆောင်တာဟာ အရပ်သားတွေ အတွက် လုံခြုံမှု မရှိဘူး။ နောက်ဒါမျိုး မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ အစိုးရဖက်နဲ့ တပ်မတော်ဖက်က သိရှိအောင် ထုတ်ပြန်ထားတာဖြစ်ပါတယ်” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းအချက်ကောက်ယူတဲ့ အပိုင်းကို တာဝန်ယူထားရတဲ့ ဆလိုင်းတေရ က ပြောပါတယ်။

 

ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ရင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပလက်ဝမြို့နယ်မှာ မိုင်းနင်းမိလို့ သေဆုံးသူ ဒေသခံဦးရေ ဟာဆိုရင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ကနေ စတင်ရေတွက်မယ်ဆိုရင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar#ပလက်ဝ#လမ်းပြသေဆုံး#တပ်မတော်#ရခိုင်လက်နက်ကိုင်

Related posts

Leave a Comment

VOM News

FREE
VIEW