မင်းပြား၊ မတ် ၁၁-၂၀၁၉
ခိုင်လင်းစံ(VOM)
ဒေသအခြေအနေတွေ တည်ငြိမ်မှုမရှိတာကြောင့် ရခိုင်ပြည်နယ်အတွင်းက နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ရဲစခန်းတချို့ကို မနေ့ညနေပိုင်းကစတင်ပြီး ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။
အဲ့လိုရုတ်သိမ်းလိုက်တဲ့ ရဲစခန်းတွေကတော့ မင်းပြားမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်းမှာရှိနေတဲ့ ပန်းမြောင်းမြို့နယ်ခွဲ စခန်းအပါအဝင် ရသေ့တောင်မြို့နယ် အိုးဖောက်နဲ့ ချွတ်ပြင် နယ်ခြားစောင့်ရဲစခန်း၊ ဘူးသီးတောင်မြို့နယ်က စေတီတောင်စခန်းစတဲ့ စခန်း ၄ ခုတို့ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပန်းမြောင်းရဲစခန်းကို ရုတ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ ရုတ်သိမ်းသွားတာပါ။ ဒီကရဲတပ်ဖွဲ့ဝငိတွေကို မင်းပြားကိုခေါ်သွားတာပါ။ လက်ရှိမှာတော့ စခန်းပိတ်ထားတာပေါ့”လို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်အောင်ကျော်ကပြောပါတယ်။
မနေ့က ညနေပိုင်းမှာ ရုတ်သိမ်းသွားတဲ့စခန်းတွေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေက အင်အားနည်းပြီး လုံခြုံရေးစိုးရိမ်ရတဲ့ စခန်းတွေဖြစ်ကြပါတယ်။
“စခန်းမှာက ရဲအင်အား ၁၁ ယောက်ပဲရှိပါတယ်။ စခန်းမှူးကတော့ လုံခြုံရေးအခြေအနေကြောင့် ရုတ်သိမ်းတာလို့ ပြောခဲ့ပါတယ်။ ရဲစခန်းမရှိတဲ့အတွက် အရေးပေါ်အခြေအနေတွေ ဖြ၀်လာခဲ့ရင် ဘယ်လိုဆောင်ရွက်လဲဆိုတာနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ပြထားပါတယ်။” လို့ ပန်းမြောင်းအုပ်ချုပ်ရေးမှူးကပြောပါတယ်။
ရသေ့တောင်မြို့နယ်က ရုတ်သိမ်းလိုက်တဲ့ အိုးဖောက်စခန်းကို ဘူးသီးတောင်မြို့နယ်က ညောင်ချောင်းစခန်းနဲ့ပေါင်းထားပြီး ချွတ်ပြင်စခန်းကိုတော့ သဇင်မြိုင်စခန်းမှာ ပေါင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရုတ်သိမ်းလိုက်တဲ့ အိုးဖောက်စခန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ညောင်ချောင်းကိုစက်လှေတွေနဲ့လာတဲ့လမ်းမှာ တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ထိခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
#voiceofmyanmar #ရဲစခန်းများ #မင်းပြား #ရခိုင်ပြည်နယ် #နယ်မြေတည်ငြိမ်မှု