ကျောက်တော်မြို့နယ် ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်းပစ်ခတ်လို့ တစ်ဦးသေ

 

 

ကျောက်တော်၊ ဧပြီ ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြပြီး ပစ်ခတ်မှုတစ်ခု မနေ့ ဧပြီလ ၂ ရက်နေ့ နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီပစ်ခတ်မှုကြောင့် သေဆုံးသူမှာ တင်းမရဲစခန်းမှူး ရဲအုပ် မောင်မောင်လေးဖြစ်ပြီးတော့ အဲ့ဒီနေရာမှာပင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

“ဟုတ်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာပါ။ အချင်းချင်းစကားများပြီးတော့ ဖြစ်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းဖြစ်ပါတယ်။”လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။

 

ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ကျောက်တော်မြို့မရဲစခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

 

“ပစ်ခတ်တာက ရဲတပ်ကြပ်ကြီး ကျော်အေးစိန်ကပစ်လိုက်တာပါ။ အခုသူ့ကို ကျောက်တော်စခန်းမှာချုပ်ထားတယ်။ စစ်ဆေးမှုတွေပြုလုပ်နေတယ်။”လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

ပစ်ခတ်ခံရပြီးသေဆုံးသူ ရဲအုပ်မောင်မောင်လေးရဲ့ မူလတာဝန်မှာ ကျောက်တော်မြို့နယ် တင်းမရဲကင်းစခန်းမှူး အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးတော့ မကြာခင်က နယ်မြေလုံခြုံမှုမရှိဘူးဆိုပြီး အင်အားပေါင်းထားတဲ့အတွက် ကန်ဇောက်စခန်းကိုရောက်ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar  #ကျောက်တော် #ကန်ဇောက်ရဲစခန်း #ရဲအချင်းချင်းပစ်

Related posts

Leave a Comment

VOM News

FREE
VIEW