မိုးမကျမီ ရသေ့တောင်က စစ်ဘေးရှောင်တွေကို တဲအိမ်တွေဆောက်လုပ်ပေးဖို့လိုအပ်နေ 

 

ရသေ့တောင်၊ ဧပြီ ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရသေ့တောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ကျေးရွာသားတွေဟာ လက်ရှိမှာ ရသေ့တောင်မြို့ပေါ်က နေရာ ၅ ခုမှာ ယာယီနေထိုင် နေကြရတာဖြစ်တဲ့အတွက် မိုးမကျမီ တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူ တွေကပြောပါတယ်။

 

“လောလောဆယ်မှာတော့ ဘုန်းကြီးကျောင်းတွေမှာ ထားပါတယ်။ မကြာခင်မှာမိုးရွာတော့မယ်။ မိုးကျလို့ရှိရင်လည်း ဘုန်းကြီးကျောင်းတွေမှာ ဆက်ထားလို့အဆင်မပြေတော့ဘူး။ စခန်းတွေဆောက်ပေးဖို့လိုအပ်နေပါတယ်။ အစိုးရလည်း အကူအညီပေးစေချင်ပါတယ်။”လို့ စစ်ဘေးရှောင်ကူညီရေး CSO အဖွဲ့ပေါင်းစုံ ဥက္ကဌ ဦကျော်သာစိန်ကပြောပါတယ်။

 

ရသေ့တောင်မြို့ပေါ်ကို ရောက်ရှိခဲ့တဲ့ စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေဟာ ရွှေကျင်ဘုန်းတော်ကြီး ကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်း၊ ဇောဓိပါလ ဘုန်းတော်ကြီးကျောင်း၊ ဗုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းနဲ့ အမက ၆ ကျောင်းတွေမှာ ယာယီနေရာချပေးထားတာဖြစ်ပါတယ်။

 

“ထွက်ပြေးနေရတာတော့ ရသေ့တောင်မြောက်ပိုင်း တစ်ခုလုံးနီးပါးပါပဲ။ မြို့ပေါ်ကိုတော့ ၁၀ရွာလောက်ကရောက်နေတာ။ တခြားနေရာတွေမှာလည်းရှိနေကြပါတယ်။ မြို့မှာရှိတဲ့လူဦးရေ ၆၀၀ ကျော်ကိုတော့ လူမှုအဖွဲ့အစည်းတွေက တာဝန်ယူပြီးတော့ စားသောက်ရေးနေထိုင်ရေးအတွက် စီစဉ်ပေးထားတယ်။ နေရပ်ပြန်နိုင်ဖို့ဆိုတာက သူတို့အတွက် မျှော်လင့်လို့မရတော့တဲ့အခြေအနေမှာရှိနေပါတယ်။”လို့ ဦးကျော်သာစိန်ကပြောပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်တွေမနေနဲ့ အလှူရှင်တွေရဲ့ ပေးကမ်းလှူဒါန်းပေးမှုကြောင့် ထမင်းစားနေရပေမယ့် တခြားလိုအပ်ချက်တွေရှိနေပြီး အလုပ်အကိုင်မရှိတာကြောင့် ငွေကြေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

“ရွာကိုတော့ ပြန်ချင်တာပေါ့။ အခြေအနေကောင်းရင်တော့ ပြန်မယ်။ တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေမရှိတော့ဘူး။ စစ်တပ်ကလည်း ရွာမှာမနေတော့ဘူးဆိုရင်တော့ပြန်မှာပေါ့။ ဒီတိုင်းတော့မပြန်ရဲဘူး။”လို့ အမျက်တောင်ကျေးရွာသား ဦးသာဇံအောင်ကပြောပါတယ်။

 

လက်ရှိမှာ တိုက်ခိုက်ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့ မြိုကနယ် ၆ မြို့နယ်အတွင်းမှာ ရသေ့တောင်မြို့နယ်ဟာ အဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေကြရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ သေဆုံးမှုအများဆုံးမြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #ကယ်ဆယ်ရေး #အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW