ငဖဲ ဧပြီ ၁၄-၂၀၁၉
ဂျန်ကိုးလ် ( VOM)
မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ လိုင်ကျေးရွာအနီး ဧပြီ၁၃ရက်မွန်းလွဲ၁နာရီခန့်က တောမီးလောင်ကျွမ်းစဉ် ရွာသို့တောမီးမကူးစက်စေရန် ကျေးရွာနေပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်ရာမှ လူ၃ဦး ပိတ်မိပြီးမီးလောင်သေဆုံးခဲ့ရပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။
“မီးသတ်နေတုန်းလေတွေပတ်တိုက်လာတော့မီးထဲကဖြတ်ပြေးရလို့ခြေထောက်တွေအလောင်ခံရတာလို့”ပဒါန်းဆေးရုံမှာဆေးကုသခံနေရတဲ့ ဦးပိန်းရဲ့လူနာစောင့်တွေကပြောပါတယ်။
သေဆုံးသူများမှာလိုင်ကျေးရွာသားကိုဟန်သိန်း၂၀နှစ်၊ ကိုမုံစိန်၃၅နှစ် ၊ ဦးမောင်မောင်၆၆နှစ်တို့ကို ငဖဲမြို့နယ်ပဒါန်းဆေးရုံမှာရင်ခွဲစစ်ဆေးနေတယ်လို့ လိုက်ပါပို့ဆောင်တဲ့ ချင်းတိုင်းသားတွေကပြောပြပါတယ်။
တောမီးလောင်တဲ့နေရာကို နောင်ကျေးရွာ၊ပစီကျေးရွာ၊ ဂုတ်ကြီးကျေးရွာတို့က ရွာသူရွာသားတွေက လာရောက်ဝိုင်ဝန်းငြိမ်းသတ်ကြပြီး ဂုတ်ကြီးကျေးရွာကလည်းလူ၅၀ခန့်အင်အားဖြည့်ခဲ့တယ်လို့ဆိုပါတယ်။
လိုင်ကျေးရွာအုပ်စုလိုင်ကျေးရွာဟာအရှိုချင်းအများစုနေထိုင်တဲ့အိမ်ခြေ၁၅၀ခန့်ရှိတဲ့ရွာလို့ချင်းလူငယ်ကွန်ယက်က ဆလိုင်းရန်နောင်ထွန်းကပြောစကားအရသိရပါတယ်။
တောမီးလောင်တဲ့နေရာဟာ ကားလမ်းမကောင်းတာမို့ မြို့က မီးသတ်ကားတွေ မသွားလာနိုင်တဲ့အခြေအနေကြောင့် အနီးနားဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်လို့ ခုတော့ တောမီးက ငြိမ်းသွားပြီလို့သိရပါတယ်။
ဒီနှစ်မတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်တန်းပေါ်မှာ တောမီးကြောင့် လူ ၂ ဦးနေရာတင် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
#voiceofmyanmar #ငဖဲ #တောမီးလောင် #လူသုံးဦးသေ