လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းတချို့ပါပေမယ့် လွှတ်ပေးဖို့လိုသေး
ရန်ကုန်၊ဧပြီ ၁၇ -၂၀၁၉
TGH (VOM)
ယနေ့ သမ္မတ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ လူသတ်မှု ၊မုဒိမ်းမှု နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မပါဝင်ဘူးလို့ အကျဉ်းဦးစီးပြောရေးဆိုခွင့်ရှိသူ ဦးမင်းစိုးထွန်းက ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အကျဉ်ထောင်ကနေ စတင်လွှတ်နေတာဖြစ်ပေမယ့် အသေးစိတ်အခြေနေ အချက်အလက်တွေကိုတော့ ညနေပိုင်းမှသာ အတိကျသိရှိနိုင်မယ်လို့လည်း ပြောပါမယ်။
” လူသတ်မှု ၊မုဒိမ်း ၊နိုင်ကျဉ်းတွေ တော့မပါဘူးလို့သိရတယ်။ အစောဆုံး ၅ယောက် ၆ ယောက်လောက်ကိုတော့ စလွှတ်နေပြီ။ ခုလည်းလွှတ်ဖို့ ဆက်လုပ်နေတယ်။ဘယ်သူ ၊ဘယ်လိုအမှုဆိုတာကိုတော့ သေချာပြောလို့မရသေးဘူး။”လို့ “ဦးမင်းစိုးထွန်းက ပြောပါတယ်။
ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲကနေ နိုင်ငံသား အကျဉ်းသား ၉၅၃၅ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပြု ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အစိုးရက နိုင်ငံရေးအကျဥ်းသားလို့ အသိမှတ်မပြုပေမယ့် နိုင်ကျဉ်းတချို့လည်း လွတ်မြောက်တယ်လို့ သိရပါတယ်။
ဒီထဲမှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က ဒုဥက္ကဌ ဦးဇော်လနဲ့ အတွင်းရေးမှူး ဦးမရမ်ဂမ်တို့ ပါခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ နိုင်ကျဉ်း ၈ ဦး လွတ်မြောက်တယ်လို့ ဗီအိုအမ်က စုံစမ်းသိရပါတယ်။ အေအေပီပီ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ရဲ့ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်ပြောပြတာက
“ နိုင်ငံရေးအကျဉ်းသား ၄၆ ဦးကျန်သေးတယ်၊ ခု လွှတ်ငြိမ်းချမ်းသာထဲမှာ ပါတာနည်းတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မကောင်းတာလုပ်နေသူတွေမဟုတ်သလို ခိုးဆိုး လုယက်နေပြီး လူသတ်နေတဲ့သူတွေလည်းမဟုတ်ဘူး၊ ဒါကြောင့် စိစစ်ပြီး လွတ်ပေးသင့်တယ်၊ လွှတ်ပေးဖို့လည်း အစိုးရကို တောင်းဆို ပါတယ်။ နိုင်ကျဉ်းတွေကိုလွှတ်ပေးပြီး နိုင်ငံအတွက် အကျိုးရှိမယ့်နေရာတွေမှာ သုံးသင့်ပါတယ်။ဒါကြောင့် လွှတ်ပေးဖိုတောင်းဆိုပါတယ်’ လို့ ဆိုပါတယ်။
ခု အကျဉ်းသား ၉ ထောင်ကျော်လွှတ်တဲ့ထဲမှာ တဝက်နီးပါးဟာ မူးယစ်ဆေးပြစ်မှုတွေနဲ့ ထောင်ကျသူတွေ ဖြစ်တယ်လို့ အကျဉ်းဦးစီးအသိုင်းအဝိုင်းက သိရပါတယ်။
#voiceofmyanmar #လွတ်ငြိမ်းချမ်းသား #အကျဉ်းသားတွေလွတ်