စစ်ရှောင်စခန်းသုံးခု ရေပြတ်တောက်မှု အဆိုးရွာဆုံးဖြစ်နေ

 

စစ်တွေ၊ ဧပြီ ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးခစန်းတွေမှာ  သောက်သုံးရေပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အဲ့ဒီကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေမှာ အရင်က ကျေးရွာသားတွအသုံးပြုနေကြတဲ့ ကျေးရွာရေကန်ကရေကို မှီခိုအသုံးပြုနေကြတာဖြစ်ပြီး အခုရေပြတ်လပ်ချိန်မှာ ကျေးရွာသားတွေပါ အခက်အခဲဖြစ်နေကြ တာဖြစ်ပါတယ်။

“ရေပြတ်တဲ့စခန်းတွေကိုတော့ ရေလှူပေးနေပါတယ်။ကျွန်တော်တို့မှာကလည်း အဖွဲ့အစည်းကြီးမဟုတ်တော့ အင်အားနည်းတယ်။ အင်တိုက်အားတိုက်မလုပ်နိုင်ဘူး။ လောလောဆယ်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်က စခန်းတွေကိုလှူနေပါတယ်။ မကြာခင်မှာ ပဲသဒူစခန်းကို သွားလှူဖို့ရှိပါတယ်။”လို့ ရေလှူနေတဲ့အဖွဲ့က ဦးငြိမ်းချမ်းကျော်ကပြောပါတယ်။

လက်ရှိမှာ ရေပြတ်လပ်ပြီးတော့ အခက်အခဲဖြစ်နေတဲ့စခန်းသုံးခုရှိနေပြီး အဲ့ဒီစခန်းတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်ကအထက်မြတ်လေး၊ အောက်မြတ်လေး၊ ရသေ့တောင်မြို့နယ်က ပဲသဒူစခန်းတွေဖြစ်ပြီးတော့ ကျောက်တော်မြို့နယ်က တောင်မင်းကုလားစခန်းမှာလည်း ရေခမ်းခြောက်နေတဲ့အတွက် ဝါးတောင်ကျေးရွာနားမှာရှိတဲ့ ရေကန်က ရေကို အသုံးပြုနေကြရတယ်လို့ ကျေးရွာ ရာအိမ်မှူးက ဆိုပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်ကစခန်းတွေမှာ တော်တော်လေးဆိုးရွားပါတယ်။ ရေတစ်လုံးရဖို့အတွက် တစ်နာရီလောက် တောထဲကိုလမ်းလျှောက်ပြီးသွားရတယ်။ မြောင်ထဲကရေကိုသောက်သုံးနေရတာ။ ကျွန်တော်တို့ရေသွားလှူတဲ့ အခါမှာလည်း ရေတွေကို သိုလှောင်ထားဖို့အတွက် ဘာမှမရှိဘူး။”လို့ ဦးငြိမ်းချမ်းကျော်ကပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်ပေါင်း ၃၄၀၀၀ ကျော်တို့ဟာ မြို့နယ် ၇ မြို့နယ်အတွင်းမှာ ရှိတဲ့ စခန်းပေါင်း ၆၆ ခုမှာ ခိုလှုံနေကြတာဖြစ်ပြီး အဲ့ဒီထဲက ထက်ဝက်ကျော်မှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရမယ့် အခြေအနေရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #ရေပြတ်လပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW