ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး နည်းလမ်းရှာဖွေမယ်လို့ ကုလအကြီးအကဲပြော

ကုလသမဂ္ဂ၊ ဧပြီ-၂၄

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံက  ရိုက်တာသတင်းထောက်နှစ်ဦးကို တရားစွဲဆိုထောင်ချမှုဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယုံကြည်ကြောင်းနဲ့ သတင်းထောက် နှစ်ဦးလွှတ်မြောက်ရေးအတွက် နည်းလမ်းရှာဖွေသွားမှာဖြစ်တယ်လို့ ကုလအကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။

 

 

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ပူပန်နေဆဲဖြစ်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သတင်းထောက်နှစ်ဦးရဲ့ အယူခံလျှောက်ထားမှုကို ပယ်ချလိုက်ပြီးနောက် ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။

 

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်တဲ့ကိစ္စအပေါ် သတင်းရေးသားတဲ့အတွက် အဲဒီသတင်းထောက်နှစ်ဦးကို တရားစွဲဆိုတာဟာ လက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

 

 

သူတို့လွတ်မြောက်ရေးအတွက် ထောက်ခံမှုတွေ၊ ရှေးရှုလုပ်ဆောင်တာတွေနဲ့ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်မှု အားကောင်းလာစေဖို့ မိမိတို့ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဒူဂျာရစ်က ဆိုပါတယ်။

 

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) အရ မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ ထောင်ဒါဏ်ခုနှစ်နှစ်ကျခံစေရန် အမိန့်ချခဲ့တာဖြစ်ပါတယ်။

 

Ref & Photo : Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW