သီရိလင်္ကာတိုက်ခိုက်မှု သေဆုံးသူဦးရေ ၃၅၉ ဦးအထိရှိလာ

 ကိုလံဘို၊ ဧပြီ-၂၄-၂၀၁၉ 
မျိုးဆက် (VOM)
သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က အီစတာပွဲတော်ကာလမှာ ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က တိုက်ခိုက် သေဆုံးသူအရေအတွက် ၃၅၉ ဦးအထိ မြင့်တက်လာပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ ၁၈ ဦးကို စစ်ဆေးဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
မတ်လအတွင်းက လူ ၅၀ ဦးသေဆုံးခဲ့တဲ့ နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သီရိလင်္ကာတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ အစွန်းရောက်အိုင်အက်စ်အဖွဲ့က ၀န်ခံထားပါတယ်။
ဘုရားကျောင်းသုံးခုနဲ့ ဟိုတယ်လေးလုံးကို ဗုံးခွဲတိုက်လိုက်မှုမှာ သေဆုံးသူအရေအတွက်ဟာ ၃၅၉ ဦးရှိပြီး လူ ၅၀၀ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝန်ဂူနာဆီကီရာက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အသေခံဗုံးခွဲသမား ခုနှစ်ဦးနဲ့ လုပ်ဆောင်ခဲ့တယ်လို့ AMAQ သတင်းဌာနကတစ်ဆင့်  အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဒါနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။ ဒီတိုက်လိုက်မှုကိုသာ အိုင်အက်စ်တို့အမှန်တကယ်လုပ်ဆောင်တာဆိုရင် အီရတ်နဲ့ ဆီးရီးယားပြင်ပမှာ အိုင်အက်စ်တို့ရဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။
သီရိလင်္ကာ ဒုကာကွယ်ရေးဝန်ကြီး ရူဝန်ဝီဂျီဝါဒန်းကတော့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို သီရိလင်္ကာ အိုင်အက်စ်အုပ်စုနှစ်ခုဖြစ်တဲ့ National Thawheed Jama’ut နဲ့ Jammiyathul Millathu Ibrahim အဖွဲ့တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဧပြီ ၂၃ ရက်က ပါလီမန်မှာ ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေကို ညလုံးပေါက်ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေပြီး လူ ၁၈ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီး ဆီးရီးယားနိုင်ငံသားတစ်ဦးအပါအ၀င် လူ ၆၀ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
Ref & Photo : Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW