ပြည် ဧပြီ ၂၄-၂၀၁၉
ဂျန်ကိုးလ် (VOM)
လွန်ခဲ့တဲ့ ၆နှစ်က ပြည်မြို့နဝဒေးတံတားအောက် အကြမ်းဖက်လုယက်ခံရလို့ သေဆုံးခဲ့ရတဲ့ ကိုဇော်မင်းဦး သေဆုံးတဲ့အမှု ဒီနေ့ထိအမှုမှန် မပေါ်သေးတာကြောင့် နဝဒေးတံတားနားက ရှုခင်းသာမှာ သေဆုံးသူရဲ့ အသိမိတ်ဆွေတွေက ဧပြီ၂၃ရက်နေ့ညနေက ဆီမီးထွန်းဆုတောင်းပွဲလုပ်ခဲ့ပါတယ်။
‘အမှန်တရားမပေါ်ပေါက်သေးဘူး တရားဥပဒေအရဆုံးဖြတ်ချက် မချရသေးတာကိုလည်း မမေ့သေးဘူးဆိုတာကိုပြောချင်တဲ့အတွက် လုပ်တာ လွန်ခဲ့တဲ့ ၆ နှစ်ကဒီနေရာမှာအသတ်ခံခဲ့ရတဲ့ ကိုဇော်မင်းဦး အတွက် အမှတ်တရပွဲလေးလာလုပ်တာပါ။”လို့ ဆုတောင်းပွဲမှာ ပါဝင်သူ ကိုသန့်စင်ထွန်းက ပြောသည်။
ပြည်မြို့ခံများက အရင်အစိုးရလက်ထက် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သော အမှုမှန်ပေါ်ပေါက်ရေးပန်ကြားစာတွင် ဖေါ်ပြချက်အရ ၂၀၁၃ ခုနှစ် ဧပြီလ(၂၃)ရက် ည(၉း၁၅)အချိန်ခန့်တွင် အရပ်သားလူငယ်စုံတွဲနှစ်ဦးအား ပြစ်မှုကျူးလွန်သူသုံးဦးက အကြမ်းဖက်လုယက် သတ်ဖြတ်မှုဖြစ်ခဲ့ပြီး အခင်းဖြစ်ပွားချိန်နှင့် တစ်ဆက်တည်းအချိန်တွင် တံတားအလွန်သောင်ပြင် ကိုင်းတောထဲ၌ ရပ်ကွက်နေပြည်သူလုထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ နှစ်ဦးက လက်ရဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း လွတ်မြောက်သွားသူနှင့် ဖမ်းဆီးရမိသူများမှာ ပြည်မြို့အခြေစိုက် ခလရ(၇၅)မှ တပ်မတော်သားများဖြစ်နေကြောင်းဖေါ်ပြထားပါတယ်။ အဲဒီ တပ်မတော်သားနှစ်ဦးကို တပ်မတော်အရာရှိက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးနောက် တပ်မ(၆၆)တပ်မမှုး ဗိုလ်မှူးကြီး ၀င်းဗိုလ်ရှိန်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးကြီးမြင့်အောင်တို့က အဆိုပါလူသတ်မှုတွင် မိမိတို့တပ်မတော်သားများနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်မှုများပြုလုပ်ခဲ့ပါတယ်။
ပြည်ဒေသခံ ကိုကောင်းမြတ်သူက “နှစ်တိုင်းနှစ်တိုင်း အခုလိုမျိုးအမှတ်တရပွဲတွေလုပ်ဖြစ်တယ် ကျနော်တို့ဒီဟာကိုမမေ့သေးဘူးဆိုတာ သူတို့ကိုပြန်ပြီးဆော့ မက်ဆေ့ပေးတဲ့ပုံစံမျိုးနဲ့ လုပ်ဖြစ်တာပေါ့နော် နိုင်ထက်စီးနင်းပြုကျင့်ထားတဲ့အပေါ်မှာလည်း အမှန်တရားမပေါ်ပေါက်သေးသရွေ့ တိုက်ပွဲဆက်ဝင်နေဦးမယ် ကန်ပိန်းတွေ အခြားသော လှုပ်ရှားမှုတွေဆက်လုပ်နေဦးမယ်။”လို့ ပြောပါတယ်။
ဒီလူသတ်မှုဖြစ်စဉ်ကို ဥပဒေနဲ့အညီအရေးယူပေးရန် ဒေသခံလူထုမှ စုပေါင်းလက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ကုလမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ဘန်ကီမွန်း၊ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များထံ စာရေးပို့တောင်းဆို မှုများပြုလုပ်ခဲ့သည့်အပြင် တစ်နှစ်ပြည့်ဆန္ဒထုတ်ဖော်ခြင်း၊ နှစ်နှစ်ပြည့် စတေကာကမ်ပိန်း၊ သုံးနှစ်ပြည့် ဆီမီးမျှောပွဲ ၊ လေးနှစ်ပြည့် ဆုတောင်းပွဲ ငါးနှစ်ပြည့် ကျောက်စာတိုင်စိုက်ထူခြင်း စသည်ဖြင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း ဒေသခံတွေကပြောပါတယ်။ သေဆုံးသွားတဲ့ ကိုဇော်မင်းဦး ကိုအမှတ်ရနေစေဘို့ ကမ္ဗည်းကျောက်စာနဲ့အတူ အပမ်းဖြေနေရာတခုပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။
#voiceofmyanmar #ပြည် #နဝဒေးတံတား #လုယက်သတ်ဖြတ်ခံရမှု