အဂတိကော်မရှင်သို့ တိုင်ကြားသည့်ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းသည့်ကိစ္စ လွှတ်တော်တွင် အချေအတင်ဖြစ် 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာာရေး၊ အခွန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား အဂတိလိုက်စားမှုတွေရှိနေ ဆိုပြီး ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်လွှတ်တော်သို့ တိုင်းကြားမှုများရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဒေသခံကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်မှ ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒ့ါအပြင် မြောက်ဦးဒေသခံကုမ္ပဏီတချို့ ဦးကျော်အေးသိန်းကို မြန်မာ့နိုင်ငံ အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ကြတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မဟုတ်မမှန်တိုင်ကြားတယ်ဆိုပြီး ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တဲ့ အပေါ်မှာ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ဒီကနေ့လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်မေးတာက အဲ့ဒီကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထည့်သွင်းဖို့အတွက် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံး ဖြတ်ချက် ဟုတ်မဟုတ်၊ အဂတိကော်မရှင်ထံ တိုင်ကြားမှုနဲ့ပတ်သက်လို့ အမည်ပျက်စာရင်းသွင်းတာ ဥပဒေနဲ့ညီမညီ အဲ့ဒါတွေကိုမေးတာပါ။ ဝန်ကြီးက တခြားဟာတွေကို ဖြေသွားတယ်။ ဒါကြောင့် ကျွန်တော်မေးတဲ့မေးခွန်းတွေကိုပဲ ဖြေပေးစေချင်ပါတယ်။”လို့ မေးခွန်းမေးမြန်းသူ မြောက်ဦးမဲဆန္ဒနယ်မြေက လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ရဲ့ မြေးမြန်းထားတဲ့မေးခွန်းတွေကို အစိုးရအဖွဲ့တာဝန်ရှိသူတွေက ဖြေကြားခဲ့တာမဟုတ်ဘဲ  မေးခွန်းနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ကိစ္စတွေကို ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။
“မြောက်ဦးက ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းတာဟာ ကပ်ဘိနပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေဟာ လုပ်ငန်းမပြီးစီးတဲ့အတွက် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေဆုံးရှုံးမှုဖြစ်နေတဲ့အတွက် အမည်ပျက်စာရင်း သွင်းခဲ့တာပါ။ အဲ့ဒီကုမ္ပဏီတွေအပြင် ရခိုင်ပြည်နယ်အတွင်းမှာ ကုမ္ပဏီပေါင်း ၁၁ ခုကို အမည်ပျက်စာရင်းသွင်းခဲ့တာပါ။ ဒီလိုမျိုး တခြားတိုင်းနဲ့ပြည်နယ်တွေမှာ လုပ်ပါတယ်။ အဲ့ဒီတိုင်းနဲ့ပြည်နယ်တွေမှာဆိုရင် ဖြန့်ဝေတာတွေကိုလုပ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒါမျိုးတွေမလုပ်သေးပါဘူး။”လို့ စီမံကိန်း၊ ဘဏ္ဍာရေး၊ အခွန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်းက ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး မေးမြန်းချက်အပေါ်မှာ ဖြေကြားမှုမရှိတဲ့အတွက် ဦးထွန်းသာစိန်က ထပ်မံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး သက်တွေအထောက်အထားတွေနဲ့တကွ ချပြဆွေးနွေးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ကိုယ်စားလှယ်ဘက်က မေးမြန်းထားတဲ့မေးခွန်းတွေဟာ ရှင်းလင်းနေပါတယ်။ အစိုးရအဖွဲ့ကဖြေကြားတာဟာ မေးခွန်းနဲ့ တသက်ဆိုင်မှုမရှိဘူး။ ဒါကြောင့် ဒီကုမ္ပဏီတွေဟာ လုပ်ငန်းမပြီးစီးတဲ့အတွက် နိုင်ငံဘဏ္ဍာဆုံးရှုံးမှုရှိနေတယ်ဆိုရင် ဘယ်နေရာမှာ ဘယ်လုပ်ငန်းက ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျပြောပါ။ မှန်းဆတာမျိုးမလုပ်ပါနဲ့။ ယမ်းမလုပ်နဲ့။ ဒီမေးခွန်းအပေါ်မှာ ဝန်ကြီးတို့အနေနဲ့ အခုမဖြေနိုင်ရင်လည်း နောက်ဖြေကြားပေးပါ။”လို့ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။
ဝန်ကြီးဦးကျော်အေးသိန်းအား တိုင်ကြားမှုနဲ့ပတ်သက်လို့ အဂတိကော်မရှင်က လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာထွက်ပေါ်လာခဲ့ခြင်းမရှိသေးပေမယ့် အစိုးရအဖွဲ့ကတော့ တိုင်ကြားတဲ့ကုမ္ပဏီတွေကို အခုလို အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဲ့ဒီကုမ္ပဏီတွေကို အခုလိုမျိုးအမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တာဟာ ဥပဒေနဲ့ကိုက်ညီမှုမရှိတဲ့အတွက် အမည်ပျက်စာရင်းထဲက ပါယ်ဖျက်ပေးဖို့အကြံပြုဆွေးနွေးခဲ့တာကြောင့် အစိုးရအဖွဲ့အနေနဲ့ ကုမ္ပဏီတွေဘက်က တင်ပြလာခဲ့လို့ရှိရင်လည်း ပါယ်ဖျက်ပေးသွားမှာဖြစ်တယ်လို့ ဦးကျော်အေးသိန်းက ပြောကြားခဲ့ပါတယ်။
#voiceofmyanmar #ရခိုင်လွှတ်တော် #အဂတိလိုက်စားမှု စီမံကိန်း၊ ဘဏ္ဍာာရေး၊ အခွန်နှင့် စီးပွားရေးဝန်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW