ရန်ကုန် ၊ဧပြီ ၃၀-၂၀၁၉
TGH(VOM)
၂၀၁၈ ခုနှစ်မှာ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မနက်ဖန်မှာ ပြန်လည် စတင်ကောက်ခံတော့မှာဖြစ်တယ်လို့ ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။
“နယ်စပ်တွေမှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်တာချင်းအတူတူ ရိုးရိုးကုမ္ပဏီတွေက ၂ ရာခိုင်နူန်းပေးဆောင်ရတယ်၊အခွန်ထမ်းကြီးတွေက မပေးဆောင်ရဘူးဆိုတဲ့ မညီမျှမှုတွေရှိလာတယ်။နောက်ပြီး တချို့လုပ်ငန်းတွေက သူတို့ကုမ္ပဏီတွေနဲ့ ပို့ကုန်မလုပ်တော့ဘူး အခွန်ထမ်းကြီးများဆိုင်ရာအနေနဲ့ပဲလုပ်သွားကြတယ်။ ဒါကြောင့်နယ်စပ်မှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်ကြတဲ့လုပ်ငန်းချင်း တန်းတူအခွင့်အရေးရရှိဖို့ဆိုပြီးပြန်ကောက်တာပါ“လို့ ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။
ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကို ၂၀၁၃–၂၀၁၄ ဘဏ္ဍာနှစ် ကစတင်ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာ အခွန်ထမ်းကိုယ်တိုင်စည်းကြပ်တဲ့ စနစ်ကျင့်သုံးသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) တို့ရဲ့ အခွန်ထမ်းကုမ္ပဏီတွေအနေနဲ့ အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းခြင်း ၊ အခွန်ပေးဆောင်မှု တွေလိုက်နာတာကြောင့် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ခြင်းကို ကင်းလွတ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒီလို ကင်းလွတ်ခွင့်ပြုပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ လုပ်ငန်းရှင်တချို့က အခွန်သက်သာဖို့အတွက် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ရရှိထားတဲ့ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းဆိုင်ရာ အခွန်ရုံး (၁) တို့ရဲ့ကုမ္ပဏီများကို အမည်ခံကာ တင်ပို့နေတာကြောင့် မညီမျှမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ယခုနောက်ပိုင်း Online Shopping လုပ်ဆောင်တဲ့သူတွေလည်းများပြားလာပြီး တရားမဝင် ပစ္စည်းတင်သွင်းမှု တွေလည်းရှိလာတာကြောင့် အမှန်တကယ်အခွန် အခွန်ဆောင်ပြီး လုပ်ကိုင်နေသူတွေ နစ်နာမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်လည်း ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ပြန်လည်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက ၎င်းရဲ့အမိန့်ကြော်ငြာစာအရ မေလ ၁ ရက်နေ့ကနေ စပြီး ကင်းလွတ်ခွင့်ကိုပယ်ဖျက်ပြီး ကြိုတင်ဝင်ငွေခွန် ပြန်လည်ကောက်ခံမယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပို့ကုန် သွင်းကုန်လိုင်စင်ထုတ်ပေးထားတဲ့ ကုမ္ပဏီ တွေကိုပြည်ပ ပို့ကုန်တင်ပို့ခြင်းအတွက် တင်ပို့တဲ့ ကုန်စည်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်း၊ ပြည်တွင်းကို သွင်းကုန်တင်သွင်းခြင်းအတွက် သွင်းကုန်အပေါ် အကောက်ခွန်စည်းကြပ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကိုပြန်လည်ကောက်ခံမှာဖြစ်ပါတယ်။
#voiceofmyanmar. #ဝင်ငွေခွန်