ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေ စစ်ဆေးခံနေရ နှစ်ရက်အကြာထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေး

ရသေ့တောင်၊ မေ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာသားတွေကို တပ်မတော်က ခေါ်ယူစစ်ဆေးနေတာ နှစ်ရက်ရှိနေပြီဖြစ်ပေမယ့် အများစုကိုတော့ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

 

အဲ့ဒီကျေးရွာသားတွေဟာ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းကနေ စစ်ဆေးခံနေရတာဖြစ်ပြီး မနေ့ကညနေပိုင်းမှာတော့ အသက် ၁၅ နှစ်နဲ့ အသက် ၅၀ အထက်အရွယ်တွေကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ရွာသား ၂၀၀ ကျော်ကိုတော့ ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

 

“မနေ့ကမနက်ပိုင်းကနေ စစ်တပ်ကရွာကိုဝင်လာတယ်။ ပြီးတော့ ရွာဆော်ကိုရွာမှာဆော်သြခိုင်းတယ်။ ယောက်ျားတွေ အကုန်လုံးစာသင်ကျောင်းကိုလာရမယ်ဆိုပြီးတော့။ အဲ့ဒီကနေ စစ်ဆေးနေတာ အခုထိမလွတ်သေးဘူး။ အသက် ၁၅ နှစ်နဲ့ ၅၀ အထက်တွေကိုတော့ မနေ့ညနေပိုင်းက လွှတ်ပေးလိုက်တယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

 

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အဲ့ဒီရွာသားတွေ စစ်ဆေးခံနေရမှုနဲ့ပတ်သက်ပြီး သွားရောက်ခဲ့ရာ ကျေးရွာအတွင်းကို ဝင်ခွင့်မပေးတဲ့အတွက် ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။

 

“မနက်က ကျွန်တော်တို့ အဲ့ဒီရွာသားတွေနဲ့တွေ့ဖို့အတွက်သွားတယ်။ အခြေအနေတွေကိုသိရအောင်အတွက်ပေါ့။ ဒါပေမယ့် စစ်တပ်က ရွာထဲကိုမဝင်ရဘူး။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်ပါ။ ကျွန်တော့အဖွဲ့တွေကို ထားခဲ့မယ့်။ ကျွန်တော်တစ်ယောက်ထည်းကို ဝင်ခွင့်ပြုပေးပါဆိုတော့လည်း မရဘူး။ ပြန်လာခဲ့ရတယ်။ ရွာသားတွေရဲ့အခြေအနေတွေ ကိုလည်း ဘာမှမသိခဲ့ရဘူး။ တစ်ယောက်တော့ စစ်ဆေးခံနေရတဲ့အထဲမှာ နေမကောင်းဖြစ်နေတယ်လို့ ကြားပါတယ်။”လို့ ဦးတင်မောင်ဝင်းကပြောသည်။

အဲ့ဒီလို့စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် မိသားစုတွေစစ်ဆေးခံနေကြရတာကြောင့် စိုးရိမ်မှုတွေရှိနေကြောင်းနဲ့ ဖမ်းလားဆီးလားဖြစ်မှာကိုလည်း ပူပမ်မိကြောင်း ရွာသားတစ်ဦးကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ရသေ့တောင် #ကျောက်တန်းကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW