တောင်ကြီး (၄)လောင်းပြိုင်လူသတ်မှု အဓိကကြိုးကိုင်သူတရားခံကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁-၂၀၁၉

သိင်္ဂီ (VOM)

 

တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှုကို အဓိကကြိုးကိုင်စီမံသတ်ဖြတ်ခဲ့တဲ့တရားခံက မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ကြောင်းနဲ့ တရားခံကို ၂၉ ရက်နေ့ကတည်းက သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားလိုက်ပြီ လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က အတည်ပြုပြောကြားလိုက်ပါတယ်။

 

 

” တရားခံကိုဖမ်းဆီးထားပါတယ်။ အရင်စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပဲ အမှုဖွင့်ဆောင်ရွက်နေတာဖြစ်တယ်။ထုတ်ပြန်ချက်တွေလည်းထုတ်ထားတယ်။ကျန်တဲ့ တရားခံတွေကိုလည်း ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်”လို့ ဆိုပါတယ်။

 

 

ဖြစ်စဉ်ကိုရဲတပ်ဖွဲ့က စိစစ်စုံစမ်း စစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက် ရရှိပြီး အခင်းဖြစ်အရပ်မှာကျန်ရှိတဲ့ သဲလွန်စပစ္စည်းတွေနဲ့ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်မှာ  တင်အုန်း(ခ)အိုက်အုံးကို ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဒီကနေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

 

 

အစစ်ခံဖော်ထုတ် ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာနီးပါးခန့်နဲ့အတူ ငွေ(၇)သိန်း(၂)သောင်းကျပ် ကိုပါ တရားခံရဲ့ နေအိမ်မှာ ၁-၅-၂၀၁၉ ရက်နေ့က အထူးအမှုစစ်အဖွဲ့ကနေ ရှာဖွေဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့တယ်လို့သိရပါတယ်။

 

 

ကနဦးစစ်ဆေးချက်အရ တရားခံ တင်အုန်း(ခ)အိုက်အုံးဟာ မူးယစ်ဆေးဝါးစွဲနေသူ တစ်ဦး ဖြစ်ပြီး မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်လို့ဆိုပါတယ်။ ဒေါ်အေးရွှေဇနီးမောင်နှံက သားသမီးထွန်းကားမှု မရှိခဲ့တာကြောင့် တင်အုန်း(ခ)အိုက်အုံးရဲ့ ပထမအိမ်ထောင်နဲ့ရရှိထားသူ စိုင်းဝင်းမောင်ကို မွေးစားထားခဲ့ ကြောင်း၊ လက်ရှိအချိန်မှာ စိုင်းဝင်းမောင်က အိမ်ထောင်ကျကာ အိမ်ခွဲပြီးသီးခြားနေထိုင်နေပါတယ်။ နောက်ပြီး ဒေါ်အေးရွှေက ယခုသေဆုံးသူ မနန်းခမ်းလှိုင်ကိုပါ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့တာဖြစ်ကြောင်း ၊ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနဲ့အတူနေထိုင်ပြီး ဆေးတိုက် လုပ်ငန်းကိုလည်းကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်သဖြင့် မွေးစားမိခင်နဲ့အတူ အနေနီးစပ်တယ်လို့သိရပါတယ်။

 

 

ဒါကြောင့်အမွေခွဲမှုရှိလာပါက တရားခံက သူရဲ့ သား အမွေအရနည်းမည်ကို စိုးရိမ်မှု၊ မိမိရဲ့ ငွေကြေး လိုအပ်ချက်ကို အခြေခံကာ တခြားသူတွေနဲ့အတူ ပူးပေါင်းပြီး သေဆုံးသူ မိသားစုကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ တရားခံက အဓိကစီမံဦးဆောင်ကြိုးကိုင်သူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျန်တရားခံတွေကို ဆက်လက်ဖမ်းဆီးရမိရေး၊ ကျန်ရှိသက်သေခံ ပစ္စည်းများထပ်မံသိမ်းဆည်းရရှိရေးကို ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

ဒီအမှုဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၁၁၈)နေ ဒေါ်အေးရွှေ ၇၀နှစ်၊ ရှမ်း/ဗုဒ္ဓ (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင်)၊ (ဖ)ဦးအန်ပန်သည် ပင်လုံမြို့၊ ကမ္မဌာန်းကျောင်းတိုက် ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ၂၈-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်း နေအိမ်ကို ပြန်ရောက်စဉ် နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်မှာ မွေးစားသားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်၊ နေအိမ်အပေါ်ထပ် ယာဘက်အခန်းအတွင်း သမီးဖြစ်သူ မနန်းခမ်းလှိုင်နဲ့ မြေးဖြစ်သူ စိုင်းဖဖ ၊ ဝဲဘက်အခန်းအတွင်းမှာ အိမ်ဖော် ဖြစ်သူ မအေးမိုးကို ပြင်ပဒဏ်ရာအသီးသီးနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့သလို နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅)မျိုး၊ ငွေကျပ်သိန်း (၄၀)အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်(၁၅၅၇) သိန်းခန့် ပျောက်ဆုံးနေသဖြင့် ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြား ခဲ့ရာ တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

 

ခု ဖမ်းမိထားသူ တင်အုန်း(ခ)အိုက်အုံးနဲ့အတူပါတဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေတယ်လို့ရဲမှူးက ပြောပါတယ်။

 

 

#voiceofmyanmar #တောင်ကြီး ၄လောင်းပြိုင်တရားခံဖေါ်ထုတ်နိုင်#တောင်ကြီး

 

ဓါတ်ပုံ ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW