အမေရိကန် ရပ်တည်ချက်မပြောင်းရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယား သတိပေး

ဆိုးလ်၊ မေ-၁-၂၀၁၉
မျိုးဆက် (VOM)
ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က ရပ်တည်ချက်အသစ်တစ်ခုကို အခုနှစ်ကုန်မှာ မပြောင်းလဲဘူးဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၃၀ ရက်မှာ သတိပေးပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားစွန့်လွှတ်ဖို့အတွက် အပြန်အလှန်အားဖြင့် အရေးယူပိတ်ဆို့မှုတွေ လျှော့ချဖို့ သဘောတူညီချက် မရရှိခဲ့ပြီးနောက် အမေရိကန်အနေနဲ့ ပိုမိုပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ အတွက် နောက်ဆုံးအချိန်ကိုအခုနှစ်ကုန်အထိ ကင်ဂျုံအန်က သတ်မှတ်ထားပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ကတော့ ကင်ဂျုံအန်ရဲ့ ဒီလို အချိန်သတ်မှတ်တာကို ပယ်ချလိုက်ပြီး ကင်ဂျုံအန်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ဖီဆန်ကာ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို နှစ်အတန်ကြာလုပ်ဆောင်ပြီးနောက် နျူကလီယားစွန့်လွှတ်ရေးသူရဲ့ ကတိက၀တ်ကိုသာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
နျုကလီးယားစွန့်လွှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားပါက အမေရိကန်အနေနဲ့ ဦးတည်းချက် လမ်းကြောင်းပြောင်းလဲသွားဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စီဘီအက်စ် သတင်းဌာနကနဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုမျိုး ဦးတည်ချက်လမ်းကြောင်းများပြောင်းလဲတာဟာ အမေရိကန်နိုင်ငံအတွက်သာ ရှိတဲ့ အခွင့်အရေးမဟုတ်ဘဲ မိမိတို့အနေနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါက ဦးတည်ချက်လမ်းကြောင်းပြောင်းလဲတာဟာ မိမိတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီ ကပြောဆိုတယ်လို့ ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်အနေနဲ့ မိမိတို့သတ်မှတ်ထားတဲ့ အချိန်အတွင်း ရပ်တည်ချက်ကို ပြောင်းလဲခြင်းမရှိဘူးဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေကို အမှန်တကယ်တွေ့မြင်ရလိမ့်မယ်လို့ ချိုဆွန်ဟီက သတိပေးပြောဆိုပါတယ်။
Ref & Photo : Reuters
  #voiceofmyanmar #မြောက်ကိုရီးယား #ကင်ဂျုံအန် #အမေရိကန် #ချိုဆွန်အီ

 

Related posts

Leave a Comment

VOM News

FREE
VIEW