မြောက်ဦး၊ မေ ၄-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ထင်းခုတ်သွားတဲ့ ကျေးရွာသားတစ်ဦးဟာ တောင်ကုန်းပေါ်မှာထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိလို့ ပေါက်ကွဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူဟာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်က အသက် ၃၈ နှစ်အရွယ် ဦးသန်းမြင့်ဖြစ်ပြီး သူဟာမနေ့ ၃ ရက်နေ့ မနက်ပိုင်းမှာ ထင်းခုတ်ဖို့ထွက်သွားခဲ့တာဖြစ်ပြီး တောင်ဖြူတောင်ပေါ်မှာ အခုလိုမိုင်းကွဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
“သူက မနေ့ကမနက်ကနေ ထင်းခုတ်ဖို့အတွက် ထွက်သွားတာပါ။ ညနေထိပြန်မရောက်တဲ့အတွက် လိုက်ရှာခဲ့ကြတယ်။ ရှာမတွေ့တဲ့အတွက် ဒီကနေ့မှာ ထပ်ရှာတော့ သူ့ကိုတောင်ဖြူတောင်ထိပ်မှာ မိုင်းကွဲပြီးသေဆုံးနေတာတွေ့ရပါတယ်။ မြှေထဲမှာမြှုပ်ထားတဲ့မိုင်းကို နင်းမိပြီးခုလိုပေါက်ကွဲခဲ့တာဖြစ်နိုင်ပါတယ်။”လို့ ထမ္မရာဇ်ဒေသခံတဦးကပြောပါတယ်။
အဲ့ဒီသေဆုံးသူ ဦးသန်းမြင့်ရဲ့အလောင်းကို တွေ့ရှိလို့ တောင်ဖြူတောင်ပေါ်ကနေ ကျေးရွားတွေယူဆောင်လာခဲ့ကြပြီး ဒီကနေ့မှာမြောက်ဦးဆေးရုံကိုပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
“ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံးပါပဲ။ မိုင်းကိုနင်းမိတာဖြစ်နိုင်ပါတယ်။ သူ့ဘယ်ဘက်ခြေထောက်မှာ ပွင့်ထွက်နေတဲ့ ဒဏ်ရာကိုတွေ့ရတယ်။ ပြီးတော့ တစ်ကိုယ်လုံးမှာ မိုင်းစတွေထိမှန်နေတာရှိပါတယ်။”လို့ရွာသားတစ်ဦးကပြောပါတယ်။
တောင်ဖြူတောင်မှာ မြောက်ဦးမြို့ရဲ့ မြောက်ဘက် အဘောင်တော်ဆည်ရဲ့အရှေ့တောင်ဘက် မင်္ဂလမာရ်အောင်ဘုရားရဲ့ မြောက်ဘက်မှာ တည်ရှိပြီး မြို့နဲ့အနီးဝန်းကျင်မှာ ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အရင်က ဖြစ်ခဲတဲ့မိုင်းကွဲမှု ၊ လက်နက်ကြီးကျည် ပေါက်ကွဲမှု ၊ ဗုံးသီးဟောင်း ကွဲမှု စတာတွေ တိုက်ပွဲတွေဖြစ်တဲ့ ဇန်နဝါရီလ နောက်ပိုင်းမှာ မကြာခဏဆိုသလို ကြားနေရပါတယ်။
#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #တောင်ဖြူတောင် #မိုင်းကွဲ