စစ်တွေ၊ မေ ၁၀-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ကျေးရွာတချို့က ဒေသခံ ၁၀၀ ဝန်းကျင်တို့ဟာ ဒေသမတည်မငြိမ်မှုတွေကြောင့် စစ်တွေမြို့မှာ ခိုလှုံဖို့ရောက်ရှိနေကြတာဖြစ်ပါတယ်။ အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြီးရောက်ရှိလာခဲ့ကြတာဖြစ်ပြီး စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ကယုချောင်းကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက် စတဲ့ဘုန်းတော်ကြီးကျောင်းသုံးကျောင်းမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။
“အန်တီတို့က ရသေ့တောင်မြို့နယ် ရေစိုးချောင်းကလာကြတာပါ။ တခြားရွာတွေက မိသားစာုတွေလည်းပါပါတယ်။ ရွာမှာနေရတာ အဆင်မပြေတော့ဘူး။ ဒါကြောင့် ဒီကိုလာကြတာပါ။ အစကတော့ အောင်စည်ကုန်းစခန်းမှာနေခဲ့တယ်။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အခက်အခဲရှိတယ်။ ပြီးတော့ မလုံခြုံဘူး စစ်တွေမှာဆိုရင် လုံခြုံမလားဆိုပြီး လာတာပါ။”လို့ ကယုချောင်းဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေတဲ့ ဒေါ်မချေကပြောပါတယ်။
စစ်တွေမြို့ကို စစ်ဘေးခိုလှုံဖို့ရောက်ရှိနေကြသူတွေဟာ ရသေ့တောင်မြို့နယ်က ရေစိုးချောင်း၊ ရေခေါင်းချောင်း၊ သိုင်းတပုတ်၊ ခရုချောင်း၊ သပြေဆိပ်စတဲ့ကျေးရွာသားတွေဖြစ်ကြပါတယ်။
“ရွာမှာတပ်ကရှိနေတယ်။ ည ၆ နာရီလောက်ဆိုရင် ဘယ်မှမသွားရတော့ဘူး။ ၉ နာရီထိုးတာနဲ့ အိမ်အပြင်မထွက်ရတော့ဘူး။ ဒါကြောင့် အလုပ်အကိုင်တွေလည်းမလပ်ရ။ ငါးလည်းမရှာရ။ တောလည်းမဝင်ရဆိုတော့ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်လာပါတယ်။ “လို့ ထွက်ပြေးလာခဲ့ကြသူတွေကပြောပါတယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာကြောင့် ကျေးရွာသားတွေဟာ ကြောက်ရွံ့ပြီး အခုလိုထွက်ပြေးနေကြတာဖြစ်ပါတယ်။
#voiceofmyanmar #ရသေ့တောင် #စစ်တွေ #စစ်ရှောင်ဒုက္ခသည်