လျှပ်စစ်မီးပျက်နေ့တာ ၃လရှိပြီဖြစ်တဲ့ အထက်ပေါင်းလောင်းဒေသ

နေပြည်တော် ၊မေ ၁၂-၂၀၁၉

ဒီပ(နေပြည်တော်)

 

 

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်းဒေသမှာ လျှပ်စစ်မီးပျက်နေတာ ဒီနေ့ဆို ၃လ တင်းတင်းပြည့်ပြီဖြစ်ပါတယ်။  ဒီလိုဖြစ်နေတာကြောင့် လျှပ်စစ်မီးရရှိရေး ကြိုးစားဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ပြောကြားခဲ့ပါတယ်။

 

“အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကနေ ၃၃kvဓာတ်အားလိုင်းနဲ့ မီးပေးရတဲ့ရွာတွေပေါ့ နေပြည်တော်ကနေ ရှမ်းပြည်ဧရိယာထဲ တောတောင်တွေထဲကနေ ထရမ်စဖော်မာတွေကတဆင့် မီးပေးရတယ် ရာသီဥတုဖောက်ပြန်ပြီး မြေပြို သစ်ပင်လဲနဲ့ အဲ့ဒီဓာတ်အားလိုင်း ချို့ယွင်းပျက်စီးသွားတယ် အဲ့ဒါကို ကျွန်တော်တို့လည်း ပင်လောင်းမြို့ကတဆင့် တောတောင်ထဲကနေတဆင့် ၁၁kvလိုင်းနဲ့ မိုင်(၃၀)ကျော်ကို ဆက်သွယ်နေတာ သိပ်မကျန်တော့ပါဘူး ခက်ခဲတဲ့နေရာလေး ရှိနေသေးတယ် ကြိုးစားပြီးဆောင်ရွက်နေပါတယ်”လို့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ပေါင်းလောင်းမြို့သစ်ဟာ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအပြီး ၂၀၁၂ခုနှစ်ကနေစပြီး အိမ်ခြေ(၂၅၀၀)ကျော်နဲ့ ကျေးရွာပေါင်း(၂၃)ရွာတို့ကို ရေလွတ်ရာကုန်းမြင့်များဆီ ရွှေ့ပြောင်းတည်ဆောက်ထားပြီး  အစိုးရက ရေ၊မီး၊နေထိုင်မှု အစရှိတဲ့ ထောက်ပံ့မှုတို့ကို ပံ့ပိုးပေးထားခဲ့သော်လည်း အခက်အခဲများစွာ ရှိနေသေးတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ဦးလှဆောင်က ပြောပါတယ်။

 

“မီးမလာတော့ ကုန်ကျစရိတ်တွေ များလာတဲ့အပြင် ရွာတွေအားလုံးမှာ ရေရရှိရေးကိစ္စ ချက်ရေးပြုတ်ရေးကိစ္စ အကုန်လုံး အခက်အခဲဖြစ်နေတယ် ဒီနေ့(၁၂)ရက်နေ့မှာ သုံးလပြည့်ပြီ ဒီထက်ကြာသွားရင်တော့ ကျွန်တော်တို့အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်မယ် ခံပြင်းတာက ဘယ်လောက်ကြာမယ် ဘယ်လောက်အထိ ဆိုတာကို ရှင်းမပြကြဘူး”လို့ ဦးလှဆောင်က ပြောပါတယ်။

 

လျှပ်စစ်မီးမလာတဲ့အတွက် ထိန်ပင်ကျေးရွာနေ ဦးဇော်ဝင်းက မိမိတို့ရပ်ကွက်မှာ အိမ်ခြေ(၃၅၀)ကျော်ရှိပြီး လူဦးရေ(၁၄၀၀)ကျော် ရှိနေတဲ့အတွက် လျှပ်စစ်မီးကို အားကိုးနေရသလို အခြားထင်းမီးသုံးစွဲပါကလည်း ရှားပါးနေတဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့ ဆိုခဲ့ပါတယ်။

 

အထက်ပေါင်းလောင်းဒေသကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပေါင်းလောင်းမြစ်ရိုးတစ်လျောက် ကျေးရွာအများအပြားကို ရေလွတ်ရာ ကုန်းမြင့်များဆီ ၂၀၁၂ခုနှစ်နောက်ပိုင်း လျော်ကြေး နစ်နာကြေးများပေးပြီးတော့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ပေါင်းလောင်း #ပင်လောင်း #လျှပ်စစ်မီးပျက်

Related posts

Leave a Comment

VOM News

FREE
VIEW