ရန်ကုန် ၊ မေ ၁၂ – ၂၀၁၉
သူရိန်
ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ တောင်တက်အဖွဲ့ဝင် မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တာဝန်ရှိသူကို တရားစွဲဆိုဖို့်အတွက် အခြေအနေ စောင့်ကြည့်နေတယ်လို့ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။
ဖန်ဂရမ်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ The Summiter အဖွဲ့ဝင်တွေက ဧပြီ ၁၂ ရက်က တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီး ပြန်အဆင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစိမ့်ထက် က ခြေချော်ပြီး အသက်ဆုံးရှံးခဲ့ရတဲ့အတွက် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဒီနေ့ နေလည် ၁ နာရီက ရန်ကုန်မြို့ ၊ စင်ထရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
“တရားစွဲဖို့ထက် ဒေါက်တာနေစိုးအောင်ကလည်း သူပြောထားတယ်။ သူတို့သွားခါနီးမှာ ဌာနဆိုင်ရာတွေကို အသိပေးသင့်တာတွေ မပေးသွားဘူးလို့ သူကိုယ်တိုင်လဲ ပြောထားတယ်။နောက်တချက်ကသူတို့ တက်တဲ့အချိန်မှာ သူတို့လုံခြုံရေးကြိုးတွေ မလုပ်ထားဘူး။ ဒါကတောင်တက်ကျွမ်းကျင်တဲ့ သူတွေအကုန် သိထားရမယ့်ကိစ္စတွေ၊ တရားစွဲဆိုဖို့ ကိစ္စကတော့နောက်တစ်ဆင့်မှဘဲ စဉ်းစားဆုံးဖြတ်မယ်။ သူတို့ကို လက်ရှိသက်ဆိုင်ရာက အရေးယူမယူ၊ အဲတစ်ဆင့်ကျော်သွားမှဘဲ ကျွန်တော်က တရားစွဲမစွဲပြောလို့ရမယ်” လို့ ဦးမောင်မောင်လေးကပြောပါတယ်။
ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ The Summiter အဖွဲ့ဝင်တွေက ဧပြီ ၆ ရက်က ပူတာအိုကနေ စတင်ထွက်ခွာခဲ့ပြီး ဧပြီ ၁၂ မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် ၂၀ တောင်ထိပ်မှာ အောင်ပွဲခံခဲ့ပါတယ်။ တောင်ထိပ်က အဆင်းမနက် ၉:၃၀ မှာအဖွဲ့ဝင် မစိမ့်ထက်ဟာ မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရ
တဲ့အတွက် အဖွဲ့သားအားလုံးရဲ့ ရင်ထဲအောင်မြင်မှု့ရဲ့ နောက်မှာဆုံးရှုံးမှု့
ကြီးမားခဲ့ပါတယ်။ အစွမ်းကုန် ကြိုးစားရှာဖွေပြီး တွေ့ရှိခဲ့ပေမယ့် ပြန်လည်သယ်ဆောင်ရန် မဖြစ်နိုင်တဲ့ အနေအထားကြောင့် အဖွဲ့သားအားလုံး၏ ရင်ထဲဆို့နင့်ဝမ်းနည်းစွာဖြင့် လက်လျှော့၍ လှည့်ပြန်ခဲ့ကြရပါတယ်” လို့ The Summiter Groupကနေ သတင်းထုတ်ပြန်ထားပါတယ်။