ရန်ကုန် ၊ မေ ၁၃ – ၂၀၁၉
သိင်္ဂီ (VOM)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အရက်ကြောင့် သေဆုံးခဲ့သူပေါင်း ၆၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယတစ်နှစ်တာ ကာလ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။
“အရက်က ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၈ ထိဆိုရင် အရက်ကြောင့် ဖြစ်တဲ့ရောဂါ၊ ပြဿနာတွေက ၂ ဆခွဲလောက်ထိ ဖြစ်လာတယ်။ အရက်သောက်ပြီး ကားမောင်း မတော်တဆမှုဖြစ်၊ ပိုက်ဆံတွေကုန် ၊ လူထိခိုက် ၊ ပိုက်ဆံတွေမကုန်သင့်ပဲ ကုန်တာဖြစ်တယ်၊ ဒီလိုတွေမဖြစ်ဘူးဆိုရင် ပိုက်ဆံတွေလည်း ပိုထွက်မယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ခုတော့ အရက်ကိစ္စက စိတ်မကောင်းစရာပါ။ တိုင်းပြည်ရဲ့ပြဿနာလည်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရက်သောက်သုံးမှုနူန်းက ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၂ ဆခွဲ ဝန်းကျင်ထိ မြင့်တက်လာကြောင်းနဲ့ ခုလို အရက်သောက်သုံးတဲ့နူန်း မြင့်တက်လာတာကြောင့် အရက်ကြောင့် ရောဂါဖြစ်ပွားမှု ၊ ယာဉ်တိုက်မှု စတဲ့ပြဿနာအပါအဝင် သေဆုံးမှုတွေလည်း ပိုများလာတယ်လို့ သိရပါ တယ်။
ဒါနဲ့ပတ်သက်ပြီး အရက်ကိုချင့်ချိန်သောက်ပါ ကမ်ပိန်းစတင်လုပ်ဆောင်ခဲ့တဲ့ မနွေဦးလင်းက ခုလိုပြောပါတယ်။
“ဆေးရုံမှာဖြတ်ရင်တောင် ၂ ပတ်တက်ပြီး နောက်ပိုင်းမှာ Follow up က နှစ်နှစ်လောက် ပြရတာ ဒါတောင်စိတ်နိုင်မှ ပြတ်မှာဆိုတော့ စွဲနေတဲ့သူတွေက ပြတ်ဖို့မလွယ်ဘူး ကျန်တဲ့သူတွေ မစွဲအောင် အရေးကြီးတာပါ၊ အဓိက လူငယ်တွေ အရက်မစွဲစေဖို့ပါ၊ ကမ်ပိန်းကြောင့် ပြတ်တာမရှိလောက်ဘူး ၊ ခဏနားတာလည်း ဖြစ်နိုင်တယ်၊ ဖြတ်ကြည့်တာတော့ ဖြစ်နိုင်ပါတယ်”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အရက်သောက်သုံးပြီး ကားမောင်းနှင်ခြင်းကြောင့် တစ်ရက်ကို လူ ၃၀၀ ဝန်းကျင် ယာဉ်မတော်တဆဖြစ်ပြီး ၂၀၁၈ မှာတော့ တစ်ရက်ကို ယာဉ်မတော်တဆမှု ၅၀၀ လောက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူသေဆုံးမှု တွေအနေနဲ့ ၂၀၁၃ မှာ တစ်ရက်ကို ၉ ယောက်သာသေခဲ့ပေမယ့် ၂၀၁၈ မှာတော့ တစ်ရက်ကို ၁၆ ယောက်လောက်ထိ သေဆုံးမှုတွေ ရှိလာခဲ့တယ်လို့သိရပါတယ်။ နှစ်တစ်နှစ်အနေနဲ့ တွက်မယ်ဆိုရင် ၂၀၁၈ တစ်နှစ်လုံးမှာ အရက်ကြောင့် လူပေါင်း ၅၈၄၀ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
အရက်သောက်သုံးမှုနူန်း မြင့်တက်လာရာကနေ မဖြစ်သင့်တာတွေ ဖြစ်ပေါ်တဲ့အခြေနေကိုသာ ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားပြီး ဘယ်လိုပုံစံထိန်းချုပ်သွားမယ်၊ ဘယ်လိုပုံစံ စီမံချက်ရေးဆွဲလုပ်ဆောင်နေတယ် ဆိုတာမျိုးကိုတော့ ထည့်သွင်းပြောကြားသွားမှု မရှိပါဘူး။