ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကျင်းပ

စစ်တွေ၊ မေ ၃၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကို ဒီကနေ့ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေအတွင်း စစ်တွေမြို့ အာရိယာန်ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

 

အဲ့ဒီညီလာခံကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က ကိုယ်စားလှယ်ပါင်း ၃၀၀ နီးပါး တက်ရောက်ဆွေးနွေး နေကြတာဖြစ်ပြီး ပါတီတွင်း အပြောင်းအလဲကိစ္စတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးကော်မတီက သိရပါတယ်။

 

“ကျွန်တော်တို့ပါတီမှာက ညီလာခံကို ငါးနှစ်တကြိမ်စီ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့ဒီအပြင် ပါတီတွင်းပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်မယ်။ ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကိုလည်း အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”လို့ ညီလာခံပြန်ကြားရေးကော်မတီဝင် ဦးအောင်ဝင်းက ပြောပါတယ်။

 

ဒါ့အပြင် ဒီညီလာခံကနေ ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေမှာ လူငယ်တွေကိုပါ ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ ဗဟိုကော်မတီ အရည်အတွက်ကိုလည်း လျှော့ချပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

“လူငယ်တွေနဲ့ ပြန်ဖွဲ့မယ်။ လက်ရှိမှာတော့ ဗဟိုကော်မတီ ၁၀၁ ဦးနဲ့ ဖွဲ့စည်းသွားတာဖြစ်တဲ့အတွက် လူဦးရေကိုလည်း လျှော့ချပြီးတော့ ၇၀ လောက်နဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။”လို့ ဦးအောင်ဝင်းက ပြောပါတယ်။

 

အဲ့ဒီညီလာခံကို ဗဟိုကော်မတီနဲ့ လူငယ်အဖွဲ့တွေက တင်သွင်းတဲ့ အစီရင်ခံစာအပါအဝင် အစီရင်ခံစာပေါင်း ၂၁ စောင်ကိုတင်သွင်းထားတယ်လို့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

 

ဒါ့အပြင် ပါတီကနှုတ်ထွက်ခွင့်တင်ထားတဲ့ ဒေါက်တာအေးမောင်အပါအဝင် တခြားပါတီဝင်တွေရဲ့ နှုတ်ထွက်စာတွေနဲ့ပတ်သက်လို့တော့ ဆွေးနွေးဆုံးဖြတ်သွားမှာမဟုတ်ဘူးလို့ ဦးအောင်ဝင်းက ပြောပါတယ်။

 

#voiceofmyanmar # ရခိုင်အမျိုးသားပါတီရဲ့ဒုတိယအကြိမ်ဗဟိုညီလာခံကျင်းပ #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW