ရန်ကုန်မြို့သစ်စီမံကိန်းကို ချေးငွေနဲ့ တည်ဆောက်မည်မဟုတ်

ရန်ကုန်၊ မေ ၃၀ – ၂၀၁၉

သိင်္ဂီ (VOM)

 

ရန်ကုန်မြို့သစ် စီမံကိန်းကို ချေးငွေရယူပြီး တည်ဆောက်မှာမဟုတ်သလို ရင်းနှီးမြှုပ်နှံဟန်ပြပြီး မြေဈေးကစားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုလည်း လက်မခံဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

“ဒီစီမံကိန်းနဲ့ပတ်သက်လို့  နောင်လာနောင်သားတွေကို ချေးငွေဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုပြီး ဆွေးနွေးနေတာတွေ ကြားပါတယ်။ ကျနော်တို့ကတော့  ပိုက်ဆံချေးငွေယူပြီး ဒီမြို့ကြီးကို တည်ဆောက်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး၊ လုံးဝမလုပ်ပါဘူး။ ချေးငွေချေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မရှိဘူး၊ ကျနော်တို့ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့လာပြီး တည်ဆောက်ပေးတဲ့ အခြေအနေမျိုးလုပ်ချင်တာပါ။ ဒီထဲမှာ ကျနော်တို့အကြောက်ဆုံးက လာတော့ရင်းနှီးမြှုပ်နှံတယ်၊ ဆိုင်းဘုတ်ပဲထောင်ပြီး မြေပဲကစားနေတဲ့ အခြေအနေမျိုး၊ ဒါမျိုးမမျှော်မှန်းထားဘူး။ ဒီလိုအလုပ်ကိုလည်း လက်ခံမှာမဟုတ်ဘူး။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

 

မေလ ၂၉ ရက်က ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာ တွေ့ဆုံပွဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တဲ့အပေါ် အခုလိုပြန်လည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စနစ်တကျနဲ့လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဘယ်သူကိုမဆို ဖိတ်ခေါ်သလို ရင်းနှီးမြှုပ်နှံမယ့်  အဆိုပြုမှုတွေအပေါ် လေ့လာဆန်းစစ်ပြီး ပြည်ထောင်စု အစိုးရ၊ စီးပွားရေး ကော်မတီ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ် ။

 

ဒီမြို့သစ်စီမံကိန်းက ရင်းနှီးမြှုပ်နှံသူအတွက်လည်း အကျိုးရှိသလို စီမံကိန်းအကောင်ထည်ဖော်ပြီးရင် မြို့ဟောင်းရဲ့ လူဦးရေကျပ်တည်းမှု၊ ကားကြပ်မှုတွေကို လျှော့ချနိုင်မှာဖြစ်လို့ လက်ရှိမြို့ဟောင်းအတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် ဒဂုံ လေးမြို့နယ်က လမ်းပိုင်းဆိုင်ရာပြုပြင်မှု၊ လျှပ်စစ်မီး ပေးနိုင်ရေးစတဲ့ အကျိုးရှိတဲ့လုပ်ငန်းတွေကို မြို့သစ်စီမံကိန်းက ရရှိလာမယ့် အကျိုးအမြတ်တွေထဲကနေ ထည့်ဝင် လုပ်ဆောင်ပေးနိုင်မယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ရန်ကုန်မြို့သစ်စီမံကိန်းကိုချေးငွေနဲ့တည်ဆောက်မည်မဟုတ် #ရန်ကုန် #ဝန်ကြီးချုပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW