စစ်ကွင်း၊ ဇွန် -၃-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း စစ်ကွင်းနယ်မြေ အုတ်တွင်းတာတုံ မိုင်တိုင် ၉၆/၀ နဲ့ ၉၆/၁ ကြား တစ်နေရာတည်းမှာ မနေ့ ဇွန် ၂ ရက်က နာရီပိုင်းခြားပြီး ယာဉ်နှစ်စီးတိမ်းမှောက်ခဲ့ရာမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ကွင်းနယ်မြေ ရဲစခန်းက သိရပါတယ်။
“နေ့ ၁၂ နာရီလောက်က ဘီယာဗူး၊ ဘီယာပုလင်းတွေ သယ်ဆောင်လာတဲ့ကားက ကိုယ်ထည်ပြုတ်ထွက်ပြီး လမ်းဘေးသစ်ပင်နဲ့ တိုက်မှောက်တယ်။ ၃နာရီလောက်ကျတော့ အောင်ရတနာကားက လမ်းဘေးလယ်ကွင်းထဲ ထိုးကျသွားတယ်။ တစ်နေ့တည်း၊ တစ်နေရာတည်း ယာဉ်နှစ်စီး တိမ်းမှောက်မှုဖြစ်တယ်။” လို့ ရဲစခန်းက သိရပါတယ်။
လက်ပံတန်းမြို့နေ မျိုးကျော်အောင်မောင်းနှင်လာတဲ့ ဒိုင်နာ အဖြူရောင်ကားဟာ ကိုယ်ထည်ပြုတ်ထွက်ပြီး လမ်းဘေးသစ်ပင်နဲ့ တိုက်ခဲ့လို့ ယာဉ်ပေါ်ပါ သုံးဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် သူတို့ကို စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး ယာဉ်မောင်းကို ယာဉ် (ပ)၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ နယ်မြေ ရဲစခန်း ဒုရဲအုပ်တင်ထွန်းနိုင်က ပြောပါတယ်။
ရန်ကုန်ကနေပြည်ဘက် မောင်းနှင်လာတဲ့ အောင်ရတနာကားဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးလယ်ကွင်းထဲ တိမ်းစောင်းသွားတဲ့အတွက် ယာဉ်ပေါ်ပါလာတဲ့ ဒုတိယတန်းကျောင်းသားကလေး အပါ (၁၆) ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
“ထိခိုက်ဒဏ်ရာ ရတာတော့ ၁၆ ယောက်ပါ။ ဒီထဲမှာ ၆ ယောက်က စိုးရိမ်ရလို့ရန်ကုန်ဆေးရုံကို လွှဲပြောင်းကုသဖို့ လုပ်ဆောင်ထားပါတယ်။”လို့ ထိခိုက်ဒဏ်ရာ ရသူတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးဇော်ဇော်က ပြောပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းခရီးမှာ အုတ်ဖိုသဲကောရွာက မသန်းသန်းခိုင်နဲ့ အိုးသည်ကုန်း ဂုံညှင်းတန်းက မစိန်ပု(ခ)မဇင်မာဝင်း သေဆုံးသွားတယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။
“ကျနော်တို့က နေ့စဉ် ခရီးသွားနေရတော့ ဒီလိုယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေတာ စိုးရိမ်စရာပါ။ ခရီးသည်တွေရဲ့အသက်က ယာဉ်မောင်းလက်ထဲမှာပါ။ ယာဉ်မောင်းတွေက ဂရုစိုက်ပြီးမောင်းစေချင်တယ်။ ယာဉ်စည်းကမ်းလည်း လိုက်နာစေချင်တယ်။” လို့ ခရီးသည် ဦးခိုင်ထွန်းက ပြောပါတယ်။
အဲဒီအတွက် အောင်ရတနာ ယာဉ်မောင်းကို ယာဉ်(ပ)၁၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်ထားပြီး ယာဉ်မောင်းထွက်ပြေးသွားတဲ့ အတွက်မောင်းဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ် တင်ထွန်းနိုင်ကပြောပါတယ်။
#voiceofmyanmar #နာရီပိုင်းခြားပြီးတစ်နေရာတည်းမှာယာဉ်နှစ်စီးတိမ်းမှောက် #နှစ်ဦးသေ၊၁၉ဦးဒဏ်ရာရ #ပဲခူး #စစ်ကွင်း