ပဲခူးတိုင်းဝန်​ကြီးချုပ်​အမိန့်​နဲ့ ပယ်ခဲ့တဲ့ အိမ်​​ထောင်​စုတွေက မဲပေးခွင့်ဆုံးရှုံးလို့ဆိုပြီး ဆန္ဒထုတ်ဖော်

မိုးညို၊ ဇွန်​ ၅ – ၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်း မိုးညိုမြို့နယ်​ ​မြေဇာအုပ်​စုအတွက် ရပ်​​/ကျေးအုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ရာမှာ အိမ်ထောင်စု ၆၀ ကျော်ကို ပယ်ခဲ့တဲ့အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးတယ်ဆိုပြီး ဒီနေ့မနက်က ရွေးချယ်ပွဲလုပ်နေချိန်မှာပဲ မကျေနပ်လို့  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ပဲခူးတိုင်း ဝန်ကြီးချုပ်အမိန့်နဲ့ မြေဇာအုပ်စု ပိုးစ​တော​ကျေးရွာက အိမ်​​ထောင်​စု (၆၄)စုကို ပယ်​ခဲ့တဲ့အတွက်​ ​ နိုင်ငံသား လူ့အခွင့်အရေး တန်းတူမရရှိဘူးလို့ ဆိုကြပါတယ်။

 

“ကျနော်​တို့က ​မြေဇာအုပ်​စုမှာ ၆၆/ဃ အိမ်​​ထောင်​စုဇယားရှိတယ်​။ မွေးဖွားစာရင်းလည်း ဒီအုပ်​စုပဲ။ နိုင်​ငံသား စိစစ်​​ရေးကတ်​ပြားလည်း ရှိတယ်​။ ၂၀၁၅ မှာလည်း မဲ​ပေးခဲ့တယ်​။ အခုမှ မဲ​ပေးခွင့်​မရှိဘူးဆို​တော့ လူ့အခွင့်​အ​ရေးချိုး​ဖောက်​တာပဲ။” လို့ မဲပေးခွင့် ဆုံးရှုံးခဲ့သူ ဦးနေမျိုးဝင်းက ဆိုပါတယ်။

 

အခုလို မဲပေးခွင့်မရတာနဲ့ ပတ်သက်ပြီး ရွေးချယ်ပွဲ ကြီးကြပ်ရေးမှူး ဦးတင်းမောင်ဝင်းကလည်း  “အုပ်​စုနယ်​နိမိတ်​​ကျော်​လို့ဆိုပြီး ပယ်​ခဲ့တာပါ။ (၆၄) အိမ်​​ထောင်​စုအတွက်​ သူတို့ရဲ့အကျိုးခံစားခွင့်​ ဘယ်​ကို​ပေးလိုက်​တာလဲ၊ နီးစပ်​ရာ အုပ်​စုထဲကို​ ထည့်​​ပေးလိုက်​တာလား၊ ဘယ်​အုပ်​စုထဲမှာမှ မ​တွေ့ဘူး​။ ဘေးမဲ့​ကျေးရွာလို ဖြစ်​​နေတာ​ပေါ့။” လို့ ဆိုပါတယ်။

 

မြေဇာအုပ်​စုမှာ ​မြေဇာ​ကျေးရွာ၊ ကျွန်းသီတာ ​ကျေးရွာ၊ တဲတန်း​ကျေးရွာ၊ ပိုးစ​တော​ကျေးရွာတို့ ပါဝင်ပြီး​ ပြည်​​ထောင်​စု အမည်​​ပေါက်​ ပြန်​တမ်းဝင်​​ကျေးရွာတွေဖြစ်ပါတယ်။ ၁၉၉၈ – ၁၉၉၉ ခုနှစ် ဧရာဝတီ၊ မြစ်ကမ်းပါးပြိုကျခဲ့ချိန်က ပိုးစတောကျေးရွာ အိမ်ခြေ(၆၄)အိမ် ကမ်းပါးနဲ့ဝေးရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရာက ဒီနေ့အထိဖြစ်ပါတယ်။

 

ဒါပေမယ့် ပဲခူးတိုင်းအစိုးရအဖွဲ့​က ပိုးစ​တော​ကျေးရွာကို ညောင်​​လေးပင်​အုပ်​စုအတွင်း ဖွဲ့စည်းထည့်​သွင်း​ဖို့ဆောင်​ရွက်​နေတာကို ​ညောင်​​လေးပင်​အုပ်​စု  ​ဒေသခံ ၂၆၃ ဦးက ကန့်ကွက်ကြောင်း လက်​မှတ်​ထိုး စာတင်​ထား​ခဲ့ရာမှာ အ​ကြောင်းပြန်​ကြားခြင်းမရှိ​သေးဘူးလို့ ​ဒေသခံ​တွေက ​ပြောပါတယ်​။

 

ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ နိုင်​ငံသား လူ့အခွင့်​အ​ရေး တန်းတူရရှိ​ရေး၊ မမျှတတဲ့​ရွေးချယ်​ပွဲ အလိုမရှိဆိုပြီး

ကန့်​ကွက်​ ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

 

#voiceofmyanmar # ပဲခူးတိုင်းဝန်ကြီးချုပ်အမိန့်နဲ့ပယ်ခဲ့တဲ့အိမ်ထောင်စုတွေကမဲပေးခွင့်ဆုံးရှုံးလို့ဆိုပြီး ဆန္ဒထုတ်ဖော် # ပဲခူး #မိုးညို

Related posts

Leave a Comment

VOM News

FREE
VIEW