ဇီးကုန်း၊ ဇွန် ၁၆၊ ၂၀၁၉
မိုးယံ
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရွာဝိုင်းကြီး အုပ်စု ရွာဝိုင်းကြီးရွာက ကိုရင်လေးတပါးကို ချုပ်နှောင်ဖွက်ထားမှုနဲ့ မသင်္ကာသူ အမျိုးသားတဦးကို ဇီးကုန်းရဲစခန်းက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွာဝိုင်းကြီး ဘုန်းတော်ကြီးကျောင်း မှ အသက် ၁၁နှစ်အရွယ် ကိုရင် အာသောက(ခ)အာကာမင်း ဟာ မနေ့ညနေပိုင်းမှာ ပျောက်သွားခဲ့တာကြောင့် ရွာဝိုင်းကြီးတရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရဲစခန်းကို လူပျောက်ရှာဖွေဖို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ညပိုင်းမှာတော့ ပျောက်ဆုံးနေတဲ့ကိုရင်လေး ကို ရွာဝိုင်းကြီး ဘုန်းတော်ကြီး ကျောင်း ဆွမ်းစားဆောင်ရှိ ဘီဒို နောက်ထဲမှာ သင်္ကန်းစနဲ့  ပါးစပ်ကိုပိတ်စည်း ချုပ်နှောင်ထားလျက် သတိမေ့ နေတာကို တွေ့ရှိရတယ်လို့ ရဲက ပြောပါတယ်။
“ကိုရင် ၈ပါး ဘုန်းကြီးကျောင်းဝန်းထဲမှာ ရေချိုးကြပြီးတော့ တပါးပျောက်နေတာ ရှာမတွေ့တာနဲ့ မိဘတွေကို အကြောင်းကြားပြီး တရွာလုံး ဝိုင်းရှာကြတာ။ ဆွမ်းစားစောင်က ဘီရိုနောက်မှာ တွေ့တော့ သင်္ကန်းစနဲ့ ပါးစပ်ပိတ်ချုပ်နှောင်ထားတာ အချိန်ကြာတော့ ကိုရင်လေးသတိလစ်နေလို့ ဆေးခန်းသွားပြတော့မှ သတိပြန်ရလာတယ်” လို့ ဇီးကုန်းမြို့မရဲစခန်း ဒုရဲအုပ် လှဇော်သက်က VOMကို ရှင်းပြပါတယ်။
ကိုရင်လေး ပျောက်သွားတာကြောင့် တရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြီး လူမှုကူညီရေး အသင်းတွေကလည်း ကိုရင်လေးကို ဝိုင်းဝန်းရှာဖွေခဲ့ရပါတယ်။
“အမှုက နောက်ပြောင်ကျီစယ်မှုလို့ သတင်းတွေထွက်နေပါတယ်။ ကျွန်မ အမေတစ်ယောက်အနေနဲ့ မိခင်ချင်း ကိုယ်ချင်းစာကြည့်ကြပါ။ အမှန်တရား ဖြစ်စေချင်ပါတယ်။ အပြစ်မရှိတဲ့ ကိုရင်လေးကို ဒီလောက်ရက်ရက်စက်စက် ဘာလို့ လုပ်တာလဲ ဝတ်ထားတဲ့ သင်္ကန်းကို ဓားနဲ့ဖြဲပြီး အဲ့ဒီ သင်္ကန်းစတွေကို ပါးစပ်ထဲ ထိုးထည့်ထားတယ် သင်္ကန်းတွေနဲ့ ခြေထောက်တွေ လက်တွေတုပ်နှောင်ထားတယ် သားသမီးချင်းကိုယ်ချင်းစာကြည့်ပါ။ ကျွန်မတို့ ပြန်တွေ့တော့ ကိုရင်လေး သတိမေ့နေပြီ၊ မတွေ့ရင် သေမှာဘဲ ဒါကြောင့် ဒီအမှုကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်” လို့ ကိုရင်လေးမိခင် ဒေါ်အေမီထွန်းက ပြောပါတယ်။
သတိပြန်လည်လာတဲ့ ကိုရင်လေးက သူ့ကို မျက်နှာဖုံးစွပ်နဲ့ အမျိုးသားနှစ်ဦး က ပွေ့ချီပြီး သင်္ကန်း စနဲ့ ပါးစပ်ပိတ် ချုပ်နှောင်ထားတယ်၊ လက်မှာ တက်တူးပါတဲ့ တယောက်ကို မှတ်မိတယ်၊ အဲ့ဒီလူဟာ ဘုန်းကြီးကျောင်းကို ဝင်ထွက်နေကျ ဖြစ်တယ်လို့် ထွက်ဆိုတယ်လို့ ရဲက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ (ပ)၃၈၉/၁၉ရာဇသတ်ကြီး ပုဒ်မ ၃၄၆ /၁၁၄ နဲ့အမှုဖွင့်ထားတယ်၊ အဆိုပါ တက်တူးနဲ့ အမျိုးသားကို မသင်္ကာမှုနဲ့ ထိန်းသိမ်း စစ်ဆေးနေပြီး စစ်ဆေးမှု အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ဇီးကုန်းမြို့နယ်ရဲစခန်းက ပြောဆိုပါတယ်။