မင်းပြားမြို့နယ်မှာတိုက်ပွဲဖြစ် ကျေးရွာသားအများအပြားထွက်ပြေးနေရ

မင်းပြား၊ ဇွန် ၁၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မင်းပြားမြို့၊ ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ ဒိုင်းသားကျေးရွာရဲ့ အနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီးအနားတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ရွှေကျင်ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

“တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မျာစဖြစ်ပြီးတော့ ၁၀ နာရီကျော်လောက်မှာ ရပ်သွားပါတယ်။ ကျွန်တော်တို့ရွာနဲ့တော့ နည်းနည်းဝေးပါတယ်။ အဲ့ဒီကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေလည်းရွာနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိတယ်။ ဒါကြောင့် ရွာသားတွေလည်း ကြောက်ပြီးတော့ ထွက်ပေးနေကြပါတယ်။”လို့ ရွှေကျင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးမှာ ဒိုင်းသားကျေးရွာအပြင် ရွေကျင်၊ သာစည်၊ မင်းဖူး၊ ချောင်းတို၊ ပြင်ယောင်း၊ ရွှေတောင်၊ အိုးပျံတောင်၊ ပွဲယာကံဆိပ်စတဲ့ကျေးရွာတွေရှိပြီး အခုလိုမျိုး လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာတချို့ကရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က မနက်က လယ်ထွန်ဖို့အတွက် လယ်တဲကိုသွားတာပါ။ အကုန်လုံးလူငါးယောက်ပါပါတယ်။ အဲ့ဒီမှာတိုက်ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုလည်း AA ထင်ပြီးတော့ တပ်မတော်ဘက်က လိုက်ပစ်တဲ့အတွက် ထွက်ပြေးလာခဲ့ရပါတယ်။”လို့ အဲ့ဒီရွှေကျင်ကျေးရွာသားကပြောပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဝင်းဇော်ဦးဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးဖို့ မအားသေးဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

 

အခုဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ တပ်မတော်စစ်ကြောင်းတစ်ခုကို AA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ AA ဘက်ကပြောဆိုချက်အရ သိရပါတယ်။

 

#voiceofmyanmar #မြောက်ဦး #AA #ရခိုင်တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW