ငပုတော၊ ဇွန် ၂၈ – ၂၀၁၉
ကိုအောင် (VOM)
ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအနီး ပုလ္လင်ချိုင်ကမ်းခြေမှာ ကမ်းလွန်ထောက်ပံ့ရေးစခန်းတစ်ခုကို ၂၀၁၉ နိုဝင်ဘာလမှာ စတင်တည်ဆောက်သွားမယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က သိရပါတယ်။
“သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်လာမယ်ဆိုရင် ဒေသခံတွေ ကျေနပ်အဆင်ပြေတဲ့အထိ လုပ်ပေးပါ့မယ် ဆိုတဲ့ ကတိကဝတ် လက်မှတ်ထိုးပြီးပါပြီ။ တိုင်းပြည်အတွက်လည်း GDP (တိုင်းပြည်ဝင်ငွေ) တက်လာမယ်လေ။”လို့ ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်ဌေးက ပြောပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောက်ရွက်မှု သက်သေခံလက်မှတ်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် သဘောတူ ခွင့်ပြုချက်ရရှိထားတဲ့ မြင့်အင်(န်)အဆိုစီရိတ်(စ်)ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလီမီတက်က တည်ဆောက်မှာဖြစ်ပြီး အဲဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြုပ်နှံသွားမှာလို့ ဆိုပါတယ်။
အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ နိုင်ငံတော် အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ ညှိနှိုင်းဆွေးနွေးနေခြင်းတွေ မပြုလုပ်ဘဲ အစိုးရအနေနဲ့ကလည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ရှိဖို့လိုလားကြောင်းနဲ့ သဘာဝအရင်းအမြစ်အပေါ် မှီခိုနေတဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက်တော့ စိုးရိမ်ကြောင်း ပြောဆိုမှုတွေ ရှိပါတယ်။
“ဒီစီမံကိန်းက ဒီဒေသမှာ လုပ်မယ်ဆိုရင် ဒီစီမံကိန်းကိုဒေသကလူတွေ ဂဃဏန သိဖို့လိုတယ်။ ဒီစီမံကိန်းက ဒါပဲလား၊ ဒီထက်တိုးချဲ့မယ်ဆိုရင် ကတိကဝတ်တွေ အရမ်းအရေးကြီးတယ်။ ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒီစီမံကိန်းဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ နိုင်ငံတစ်ကာစံညွှန်းနဲ့လည်း ညီရမယ်၊ ဒီဝန်းကျင်ကြီး မပျက်စီးဖို့က အရမ်းအရေးကြီးတယ်လေ။” လို့ နံ့သာပုကျေးရွာအုပ်စုမှ ဒေါ်နန်းချိုပြုံးက ပြောပါတယ်။
အဲဒီစီမံကိန်းမြေဧရိယာဟာ ဟက်တာ ၅၀ ကျယ်ဝန်းပြီး သဘောင်္ဆိပ်ကမ်းတံတားအရှည် ၉၈၅ ပေ၊ အကျယ်၉၈ ပေ ရှိမှာဖြစ်ပြီး ပေ ၃၀၀ ရှည်တဲ့ ပင်လယ်ကူး သင်္ဘောသုံးစီးခန့် ဆိုက်ကပ်မယ်လို့ မြင့်အင်(န်)အဆိုစီရိတ်(စ်)ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်း လီမီတက်က သိရပါတယ်။
” မိရိုးဖလာ ငါးဖမ်းမှုလုပ်ငန်းတွေက ရှိနေမှာပဲ။ ကျနော်တို့ ပရောဂျက်ကြောင့် ထိခိုက်နိုင်တဲ့ အဝန်းအဝိုင်း ကို ခန့်မှန်းထားတယ်။ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေကိုလည်း ထည့်တွက်ထားပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေး စီမံခန့်ခွဲမှု အစီအစဉ်ထဲမှာပါတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးသွားပါ့မယ်။” လို့ မြင့်အင်(န်) အဆိုစီရိတ်(စ်) ကမ်းလွန်ဝန်ဆောင်မှု လုပ်ငန်းလီမီတက် အမှုဆာင်ဒါရိုက်တာ ဦးတင့်ဆွေက ပြောပါတယ်။
မြင့်အင်(န်)အဆိုစီရိတ်(စ်)ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်း လီမီတက်ဟာ မြန်မာနိုင်ငံရဲ့ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာ ရေနံရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ ပံ့ပိုးခြင်းအပြင် သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေပေးတဲ့ ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါတယ်။
#voiceofmyanmar # ဧရာဝတီတိုင်းမှာကမ်းလွန်ထောက်ပံ့ရေးစခန်းတည်ဆောက်မယ် # မြင့်အင်(န်) အဆိုစီရိတ်(စ်)ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလီမီတက် # ဧရာဝတီတိုင်း #ငပုတော #ငရုတ်ကောင်းမြို့ #နံ့သာပုကျေးရွာ #ပုလ္လင်ချိုင်ကမ်းခြေ #