ရုရှားသုတေသန ရေငုပ်သင်္ဘောမီးလောင်၊ သင်္ဘောအမှုထမ်း ၁၄ ဦးသေဆုံး

မော်စကို၊ ဇူလိုင်-၃-၂၀၁၉

မျိုးဆက် (VOM)

 

ရုရှားသုတေသန ရေငုပ်သင်္ဘောတစ်စင်းပေါ်မှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် သင်္ဘောအမှုထမ်း ၁၄ ဦးသေဆုံးသွားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီသင်္ဘောအမှုထမ်းတွေဟာ ဇူလိုင် ၁ ရက်က ရုရှားရေပိုင်နက်အတွင်း တိုင်းတာစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ရေငုပ်သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဓါတ်ငွေ့တွေကို ရှူရှိုက်မိပြီး အဆိပ်သင့်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

 

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘောအမျိုးအစားနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် နျူကလီးယားစွမ်းအင်သုံး အသေးစားရေငုပ်သင်္ဘောတစ်စင်းဖြစ်တယ်လို့တော့ ရုရှား သတင်းဌာနတွေက ဖော်ပြပါတယ်။

 

သင်္ဘောပေါ်မှာ လောင်ကျွမ်းခဲ့တဲ့မီးဟာ နောက်ပိုင်းမှာငြိမ်းသွားပြီး လက်ရှိမှာတော့ အဲဒီသင်္ဘောဟာ ရုရှားမြောက်ပိုင်း ရေတပ်ဌာနချုပ်ရဲ့ အဓိကအခြေစိုက်စခန်းဖြစ်တဲ့ ဆီဗာရိုမော့စ်ခ်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

သင်္ဘောမီးလောင်ကျွမ်းချိန်မှာ သင်္ဘောပေါ်မှာ အမှုထမ်းဘယ်လောက် လိုက်ပါသွားသလဲဆိုတာကိုတော့  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တာမရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွိုင်ဂူနဲ့ ဆွေးနွေးဖို့အတွက် ရုရှား အနောက်မြောက်ပိုင်း တီဗာဒေသမှာ စီစဉ်ထားတဲ့ အခမ်းအနားတစ်ခုကို သမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၂ ရက်နေ့ နှောင်းပိုင်းမှာ ဖျက်သိမ်းလိုက်ပါတယ်။

 

Ref: BBC

Photo : Getty Images

 

#voiceofmyanmar # ရုရှားသုတေသနရေငုပ်သင်္ဘောမီးလောင် #သင်္ဘောအမှုထမ်း ၁၄ဦးသေဆုံး #ရုရှား #ကာကွယ်ရေးဝန်ကြီးဌာန #မော်စကို #

Related posts

Leave a Comment

VOM News

FREE
VIEW