NRPC-RCSS ဆွေးနွေးပွဲက သဘောထားစုစည်းချက် ၈ ချက်ရခဲ့

နေပြည်တော်၊ ဇူလိုင် ၁၁ -၂၀၁၉

ကိုထွန်း (VOM)

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံတဲ့ ဆွေးနွေးပွဲကနေ သဘောထားစုစည်းချက် ၈ ချက်ရရှိခဲ့တယ်လို့ NRPC ပြောခွင့်ရ ဦးဇော်ဌေးနဲ့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်း တို့ကပြောပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဝင်ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေဆွေးနွေး၊ မူးယစ်ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အကျဉ်းကျခံနေရတဲ့ RCSSတပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ဖို့ကိစ္စတွေကို သဘောတူညီခဲ့ကြတာပါ။

 

အခုဆွေးနွေးပွဲရလဒ်တွေကို RCSS အနေနဲ့ကလည်း EAO (တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့) ကိုတင်ပြသွားမှာ ဖြစ်သလို NRPC အနေနဲ့ကလည်း သက်ဆိုင်ရာ အကြီးအကဲတွေကို ပြန်လည်တင်ပြသွားမယ်လို့ သိရပါတယ်။ ဒီနေ့ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနောက်ပိုင်း ၈ လတာကာလအတွင်း ၈ ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၈ ချက်သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ် နှစ်ကုန်ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလလောက်လုပ်မယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

 

 

#voiceofmyanmar # NRPC-RCSS ဆွေးနွေးပွဲ #သဘောထားစုစည်းချက် ၈ချက်ရ #နေပြည်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW