ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉
သူရိန် (VOM)
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။
မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲနေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
“ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်။” လို့ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ခံရဖို့အတွက် အခြေခံအနေနဲ့ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးတွေ(Outstanding Universal Value) ဖြစ်တဲ့ ခိုင်မာမှု (Integrity)၊ စစ်မှန်မှု(Authenticity) စတဲ့ အချက်တွေနဲ့ ပြည့်စုံမှုရှိတဲ့အပြင် ပုဂံယဉ်ကျေးမှုဒေသနည်းတူ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတွေ ရှိသလို ရှေးဟောင်း မြို့ရိုး၊ ကျုံး၊ ခံတပ်စတဲ့ အခြားရှေးဟောင်း အဆောက်အအုံတွေပါ တစုတစည်းတည်း ပေါင်းစပ် တည်ရှိနေတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“လက်ရှိမှာ မြောက်ဦးဒေသကို မကြာသေးခင်က စစ်ဒဏ်ကြောင့် လုပ်ငန်းပိုင်းနှောင့်နှေးတာ ရှိတယ်။ ဒီနေရာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရင် ရခိုင်ကတိုးတက်လာမှာပေါ့။ လက်ရှိကတော့ ခရီးသွားတွေက အနည်းစုလောက် ပဲလာကြတော့တယ်။” လို့ မြောက်ဦးဒေသခံ ဦးမင်းမင်းထွန်းက ပြောပါတယ်။
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဦးစီးပူးပေါင်း ဆောင်ရွက်နေပြီး UNESCO နဲ့အတူ ပြည်ပနိုင်ငံတွေက ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ ပူးပေါင်းရေးဆွဲနေတာပါ။ မြန်မာနိုင်ငံမှာ သရေခေတ္တရာ၊ ပျူမြို့ဟောင်းနဲ့ ပုဂံဒေသတို့ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဓါတ်ပုံ- ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန
#voiceofmyanmar #မြောက်ဦးဒေသ #ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့ #အပြီးသတ်ရေးစွဲနေ #UNESCO #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း #ရန်ကုန်