မြောက်​ဦး​ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်​ဖို့ အစီအစဉ်​တွေ အပြီးသတ်ရေးစွဲနေ

ရန်​ကုန်​၊ ဇူလိုင်​ ၁၇ – ၂၀၁၉

သူရိန် (VOM)

 

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်​သွင်းနိုင်​ဖို့ အစီအစဉ်​​တွေ ရေးဆွဲ​နေတယ်​လို့​ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်​။

 

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာ​တွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲ​နေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်​လို့ သိရပါတယ်​။

 

“ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်​။” လို့ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်​။

 

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ခံရဖို့အတွက် အခြေခံအနေနဲ့ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးတွေ(Outstanding Universal Value) ဖြစ်တဲ့ ခိုင်မာမှု (Integrity)၊ စစ်မှန်မှု(Authenticity) စတဲ့ အချက်တွေနဲ့ ပြည့်စုံမှုရှိတဲ့အပြင် ပုဂံယဉ်ကျေးမှုဒေသနည်းတူ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတွေ ရှိသလို ရှေးဟောင်း မြို့ရိုး၊ ကျုံး၊ ခံတပ်စတဲ့ အခြားရှေးဟောင်း အဆောက်အအုံတွေပါ တစုတစည်းတည်း ပေါင်းစပ် တည်ရှိနေတာ​ကြောင့်​ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတာ ဖြစ်​ပါတယ်​။

 

“လက်​ရှိမှာ​ မြောက်​ဦး​ဒေသကို မကြာ​သေးခင်​က စစ်​ဒဏ်​ကြောင့်​ လုပ်​ငန်းပိုင်း​နှောင့်​​နှေးတာ ရှိတယ်​။ ဒီ​နေရာကို ကမ္ဘာ့အ​မွေအနှစ်​ စာရင်းဝင်​ရင်​ ရခိုင်​ကတိုးတက်​လာမှာ​ပေါ့။ လက်​ရှိက​တော့ ခရီးသွား​တွေက အနည်းစု​လောက်​ ပဲလာကြ​တော့တယ်​။” လို့​ မြောက်​ဦး​ဒေသခံ ဦးမင်းမင်း​ထွန်းက​ ပြောပါတယ်​။

 

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဦးစီးပူးပေါင်း ဆောင်ရွက်နေပြီး UNESCO နဲ့အတူ ပြည်ပနိုင်ငံ​တွေက ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ ပူး​ပေါင်း​ရေးဆွဲ​နေတာပါ။ မြန်မာနိုင်ငံမှာ သရေခေတ္တရာ၊ ပျူမြို့ဟောင်းနဲ့ ပုဂံဒေသတို့ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်​။

 

ဓါတ်ပုံ- ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန

 

#voiceofmyanmar #မြောက်ဦးဒေသ #ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့ #အပြီးသတ်ရေးစွဲနေ #UNESCO #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW