မန္တလေး၊ ဇူလိုင် -၁၇ – ၂၀၁၉
ဖြူဖြူ (VOM)
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(ခြေ/ဥ) ပူးပေါင်းကော်မတီကနေ ၂၀၀၈ ခြေ၊ဥ ပြင်ဆင်ဖို့ လေ့လာတွေ့ရှိချက်တွေ တင်သွင်းလိုက်ပြီးတဲ့နောက် မပြင်ဆင်သင့်တဲ့ ဥပဒေတချို့ကို မပြင်ဖို့ ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
၂၀၀၈ ခြေ၊ဥမှာ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေ ပါဝင်သလို လုံးဝမပြင်ဆင်သင့်တဲ့ ၅၉(စ)လို ပုဒ်မတွေ မပြင်ဖို့ဆိုပြီး လူအင်အား ၅၀၀ နဲ့အထက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ၂၀၀၈ခြေ၊ဥ ပြင်ဆင်လိုတဲ့ ပါတီဝင်အချို့နဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
၂၀၀၈ အခြေခံဥပဒေမှာ ပုဒ်မ ၁၂ ပါ ပြဌာန်းချက်များပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉(စ) မူလအတိုင်းဆက်လက်ထားရှိရေး၊ ပုဒ်မ ၄၃၆ အတိုင်းဆောင်ရွက်ပေးရေး၊ ပုဒ်မ ၃၆၁ ကို ကာကွယ်စောင့်ရှောက်ပေးရေး၊ အခြေခံဥပဒေ အခန်း ၁ ပါ ပြဌာန်းချက်တွေကို ဆက်လက်ထားရှိပေးရေး စာသားပါ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဒို့အရေး ကြွေးကြော်သံတွေနဲ့အတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၆×၃၇ လမ်းကနေ ၆၂ မနော်ရမ္မံလူထုဟစ်တိုင်အနီးအထိ လမ်းလျှောက် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုတောင်းဆိုမှုလိုပဲ မပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့မယ်ဆိုရင် လူထုအင်အားအများအပြားနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။
#voiceofmyanmar #၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး #၅၉(စ) လိုမပြင်သင့်တဲ့ပုဒ်မတွေမပြင်ဖို့ #ဆန္ဒဖော်ထုတ် #မန္တလေး