သေဆုံးသွားတဲ့သားအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုက တောင်းဆို

မြောက်ဦး၊ ဇူလိုင် ၂၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့ ဇူလိုင်လ ၂၃ ရက်က ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ လူငယ်ဟာ ဒီနေ့ မနက်ပိုင်းမှာတော့ သေဆုံးသွားပါတယ်။

 

တောင်မြင့်ကျေးရွာက လူငယ်တစ်ဦးဖြစ်တဲ့ မောင်ဘိုသန်းထွန်းဟာ လှေပေါ်မှာလိုက်ပါလာစဉ် ကျည်ထိ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲ့ဒီလူငယ်ဟာ ဦးခေါင်းကျည်ထိမှန်တဲ့ဒဏ်ရာနဲ့ မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“ကျနော့်သားက မနက်ပိုင်း ၉ နာရီလောက်မှာဆုံးသွားပါတယ်။ သူသေဆုံးရတာနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို ဥပဒေအရ အရေးယူစေချင်ပါတယ်။ ဥပဒေအရဖြစ်လာဖို့အတွက်ကိုလည်း အစိုးရကိုတောင်းဆိုချင်ပါတယ်။”လို့ မောင်ဘိုသန်းထွန်းရဲ့အဖေ ဦးမောင်မြစိန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

သေဆုံးသူ မောင်ဘိုသန်းထွန်းဟာ မိသားစုနဲ့အတူ တောင်မြင့်ကျေးရွာကနေ မျိုးစပါးသယ်ဆောင်လာခဲ့ကြတာဖြစ်ပြီး တိမ်ညိုကျေးရွာနားအရောက် ချောင်းထဲမှာ ကျည်ထိသွားခဲ့တာ ဖြစ်ပါတယ်။

 

“မနေ့ကနေ့လည်ပိုင်းမှာ ကျနော့်သားရယ်၊ သမီးရာယ်၊ သမက်ရယ် လှေတစ်စီးတည်းနဲ့လာကြတာပါ။ ရွာကနေ မျိုးစပါးယူပြီးတော့ လယ်ကိုသွားတာပါ။ အဲဒီမှာ တိမ်ညိုရွာနားကိုရောက်တော့ အဲ့ဒီရွာမှာရှိတဲ့ ထောက်ပို့တပ်က ပစ်တယ်။ ဘိုသန်းထွန်းဦးခေါင်းကိုထိသွားတယ်။ လှေပေါ်မှာပဲ မှောက်လဲသွားတယ်။ အချက်ပေါင်းရာနဲ့ချီပြီး ပစ်တာပါ။”လို့ ဦးမောင်မြစိန်က ပြောပါတယ်။

 

ဒီပစ်ခတ်မှုဟာ တိမ်ညိုကျေးရွာအတွင်းရှိ ထောက်ပို့ဒိုင်ကွင်းမှာ စခန်းချနေတဲ့ တပ်မတော်တပ်စခန်းက ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ မောင်ဘိုသန်းထွန်းရဲ့ ရုပ်အလောင်းကိုတော့ မနက်ဖြန် ၂၅ ရက် နေ့လည် ၁ နာရီမှာ မြောက်ဦးသုဿန်မှာ သဂြိင်္ုလ်သွားမယ်လို့ မိသားစုတွေက ပြောပါတယ်။

 

#voiceofmyanmar #သေဆုံးသွားတဲ့သားအတွက်အရေးယူပေးဖို့တောင်းဆို #ရခိုင် #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW